• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    လွန်လေပြီးသော ၃၆၅ ရက်သို့…

    September 10 , 2008 | 1,762 views

    ဒီနေ့ ကျွန်တော် Blog ရေးတာ (၁) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဟိုး..လွန်ခဲ့တဲ့ နှစ်, ဘလော့ကို စတင်ရေးသားက တည်းက ငါလည်း တစ်နှစ်ပြည့်ရင် ငါ့ဘလော့လေးအတွက် အမှတ်တရ တစ်ခုခုလောက်ရေးမယ်လို့ စိတ်ကူးလေး ရှိခဲ့ဖူးပါတယ်။ အခု ကျွန်တော်စောင့်ဆိုင်းခဲ့ရတဲ့ အဲ့ဒီ့နေ့ရက်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့မှာ ဒီရပ်ဝန်းလေးကို ဖြတ်သန်းခဲ့သမျှကာလတွေထဲမှ အမှတ်တရနဲ့ ထူးထူးခြားခြားရှိခဲ့တဲ့ အဖြစ်အပျက်လေးတွေနဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့ ဖြစ်ရပ်၊ အတွေ့အကြုံလေးများကို အမှတ်တရအနေနဲ့ ပြောပြချင်ပါတယ်…။

    Blogspot နှင့် စတင် မိတ်ဆက်ခြင်း

    Blogspot ဆိုတဲ့ ရပ်ဝန်းလေးတစ်ခုမှာ Black Dream ဆိုတဲ့အညတရတစ်ယောက်ရဲ့ ဖြစ်တည်ပုံကို စပြောရ မယ်ဆိုရင်တော့ ကျွန်တော့်ကို ဆရာ ကိုအောင် ကိုအရင်ဆုံး ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူက Gtalk မှာ သူလုပ်ထားတဲ့ Blog Link လေး တင်ထားလို့ ဘာများပါလိမ့်ဆိုပြီး သွားကြည့်ခဲ့ရာမှ ကျွန်တော့်ထံသို့ Blogging ဆိုတဲ့ ချစ်စရာ ရောဂါပိုးမွှားလေးတစ်ကောင် စတင်ကူးစက်ခဲ့ပါတော့တယ်။ အဲ့ဒီမှာပဲ…။ ကျွန်တော် ပူဆာတာနဲ့ ကျွန်တော့်သူငယ်ချင်း ကိုအောင်က သူ့မှာရှိတဲ့ Saturn God ရေးသားတဲ့ ဘလော့လုပ်နည်း စာအုပ်လေးကို Online ကနေပို့ပေးပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူပေးထားတဲ့ စာအုပ်လေးထဲမှာ ပါတဲ့အတိုင်း ဟိုလုပ်ဒီလုပ်၊ ဟိုစမ်းဒီစမ်းနဲ့ ကျွန်တော့်ရဲ့ Black Dream ဟာ တဖြေးဖြေးရုပ်လုံးပေါ်လာခဲ့ပါ တော့တယ်။ ကိုအောင်၊ Saturn God ရဲ့စာအုပ်ပြီးရင် ကျွန်တော့်အတွက် မြင်ဆရာတွေ စုစည်းခဲ့ရာ နေရာတစ် ခုကတော့ HelpDesk ပဲ ဖြစ်ပါတယ်။ ကျွန်တော် အထက်မှာဖော်ပြခဲ့တဲ့ လူပုဂ္ဂိုလ်များအားလုံးနှင့် နေရာ၊ အရာဝတ္ထုများအားလုံးအား ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအဖြစ် ဒီနေရာလေးကနေ ရှေးဦးစွာ ဂုဏ်ပြုလိုပါတယ်။

    စတင်ခြင်း

    Blog စလုပ်ပြီးတော့ ဘာစရေးလို့ရေးရမှန်း ကျွန်တော်မသိခဲ့ပါဘူး။ အဲ့ဒါနဲ့ပဲ ကျွန်တော် အရင်က ခံစားရတိုင်း (အားယားနေတိုင်း) ရေးထားခဲ့ဖူးတဲ့ ကျွန်တော့်ကဗျာစာအုပ်လေးထဲမှ ကဗျာများကို စတင်ကူးယူပြီး ရေးသားခဲ့ ပါတယ်။ မြန်မာလက်ကွက်ကို အရင်ကရိုက်ဖူးပေမယ့် အသုံးမပြုတာ အချိန်တော်တော်ကို ကြာခဲ့တာကြောင့် ကဗျာတစ်ပုဒ်ပြီးဖို့ကို တော်တော်ကိုအားတင်းပြီး ရေးသားခဲ့ရပါတယ်။ ရေးသာ ရေးခဲ့တာပါ…။ ဘလော့လောက အကြောင်း နကန်းတစ်လုံးမှ မသိလေတော့ သူများဘလော့တွေ သွားလည်ခြင်း၊ ကိုယ့်ဘလော့ကို လာလည်ဖို့ ဖိတ်ခေါ်ခြင်း စတာတွေကို ကျွန်တော် မလုပ်တတ်ခဲ့ပါဘူး။ အဲ့ဒီ့တော့ အကျိုးဆက်က ရှင်းပါတယ်။ ပို့စ် ၁၀ ခုလောက်တင်လို့မှ ကွန်မန့်တစ်ခု မရခဲ့ပါဘူး။ ဘာပြောကောင်းမလဲ ဟွန်း….။ ဘာမှမရေးပဲ ပြစ်ထားလိုက် တာပေါ့။ အမှန်အတိုင်းပြောရရင် ဘာမှဆက်လုပ်ချင်စိတ် မရှိတော့လို့ပါ။ အဓိက ကတော့ Blogger များအားလုံး တူညီစွာလက်ခံထားတဲ့ Comment နဲ့ Cbox ဆိုတဲ့အားဆေးတွေ မရရှိခဲ့လိုပဲ ဖြစ်ပါတယ်။ (ကျွန်တော့်လို အဖြစ်မျိုးတော့ နောက်ပိုင်းမှာ အသစ်အသစ် ပေါ်ပေါက်လာတဲ့ Blogger တွေခံစားရခြင်း မတွေ့ တဲ့အတွက် ၀မ်းသာမိပါတယ်)

    ပြန်လည် အသက်သွင်းခြင်း

    ဒီလိုနဲ့ ကျွန်တော်ပြစ်ထားခဲ့ရာက… အဲ့ဒီ့အချိန်မှာ ကျွန်တော့်ဘေးမှာ ရှိနေခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း (သူငယ်ချင်းဆို သူငယ်ချင်းပဲ ဘာမှထပ်မမေးနဲ့ :P ) တစ်ယောက်က ဆက်ရေးဖို့အားပေးပါတော့တယ်။ အကြောင်းက ၂ ခုပါ…။ (၁) ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ ရေးခိုင်းပါတယ် (၂) တစ်ချိန်က သူသိပ်ချစ်ခဲ့တဲ့ သူ့ ချစ်ချစ် အစ်ကိုကြီးက ယခုလက်ရှိ မြန်မာ ဘလော့ဂါလောကမှာ Pioneer တစ်ဆူ အဖြစ်ရှိနေသေးတဲ့ သူတစ်ယောက်လိုပဲ အောင်မြင်စေချင်တဲ့ ဆန္ဒကြောင့် ရယ်ပါ။ ကျွန်တော် ပြင်သမျှ (ကလိသမျှ) Template တွေကို တစ်ညလုံး ကျွန်တော်နှင့်အတူ အိပ်ရေးပျက်ခံပြီး ဟိုဟာဖျက်၊ ဒီဟာမထည့်နဲ့၊ ဒီဘက်နဲနဲတိုး၊ အပေါ်ကို နဲနဲတင် စသည်ဖြင့် အမျိုးမျိုး ဝေဖန်အကြံပေး၍ လည်းကောင်း၊ ဟိုပို့စ်မကောင်းဘူး၊ ဒီပို့စ်ညံ့တယ်၊ အဲ့ဒီစကားလုံး အားမပါဘူး စသည်ဖြင့် အားပေးအားမြှောက် ဂုဏ်ပြု၍လည်းကောင်း ကျွန်တော့်ရဲ့ ရောဂါပိုးကို ပြန်လည် အသက်သွင်းခဲ့ပါတော့တယ်။ နောက်ဆုံး ကျွန်တော် အခုချိန်ထိ ကျွန်တော့် Blog မှတင်ထားတဲ့ ဆောင်ပုဒ်ဟာ သူနဲ့အတူ စဉ်းစားရင်း ရခဲ့တဲ့ ဆောင်ပုဒ်တစ်ခုပဲ ဖြစ်ပါတယ်…။ သူဟာ ကျွန်တော့်ရဲ့ ပထမဆုံး နဲ့ အမြဲတမ်း တည်ရှိနေမဲ့ အမာခံ ပရိတ်သတ်တစ်ယောက်အဖြစ် ကျွန်တော် တကယ်ကို လေးလေးနက်နက် အသိအမှတ်ပြုမိပါတယ်။ (နင့်နာမည်ကိုတော့ ထည့်ရင် ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိမို့ မထည့်တော့ဘူး ဟေ့ :P )

    အပေါင်းအသင်းများ

    သူမရဲ့ ညွှန်ကြားချက် (အဲလေမှားလို့) အကြံပေးချက်အတိုင်း ဘလော့ စရေးပြီဆိုတာနဲ့ ရန်ကုန်မှာ ကားအသစ်များ ၀ယ်ရင် ရွှေညောင်ပင်မှာ ကားဦးတိုက်ရသလိုပဲ မသွားမဖြစ်သွား ဦးတိုက် (အဲလေ မှားပြန်ပြီ) သွား လည်ရမယ့် ကျွန်တော်တို့ရဲ့ ဘလော့ သဘာပတိကြီး ကိုစိုးထက် ကြီးဆီကို စတင် ရောက်ရှိခဲ့ပါတော့ တယ်။ အခုလည်ပြီးတယ်ဆိုရင်ပဲ မကြာလိုက်ခင်မှာ ကျွန်တော့် ဆီဗုံးထဲမှာ Link လိုက်ပြီဗျို့ ဆိုတဲ့စာသားလေး ရောက်ရှိလာပါတော့တယ်။ အဲ့ဒီစာသားလေးဟာ ကျွန်တော့် ဘလော့သက်တမ်းမှာ ပထမဆုံးအကြိမ် ဘလော့ဂါ တစ်ယောက်ဆီက စတင်ရရှိခဲ့တဲ့ အားဆေးတစ်ခွက် ဖြစ်စေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကျွန်တော် တဖြေးဖြေးချင်း လည်ပတ်လာခဲ့ရာမှ ကျွန်တော်အသက်သွင်းခဲ့တဲ့ Black Dream လေးဟာ တစ်ဖြေးဖြေး လမ်းလျှောက်တတ်စ အရွယ်ကိုရောက် ရှိလာပါတော့တယ်။ အပေါင်းအသင်းနဲ့ သူငယ်ချင်းတွေလည်း (အထူးသဖြင့် ကျွန်တော်နဲ့ ယခုအချိန်မှာ နေရတစ်ခုတည်းမှာ ပညာသင်ကြားနေတဲ့ သူငယ်ချင်းအကောင်းစားကြီးတွေဖြစ်တဲ့ ငြိမ်းညို၊ မျှားပြာဖြိုးငယ်၊ တင့်ထူးရွှေနတ်ရှင်နောင် တို့ ဖြစ်ပါတယ်)။ ကျွန်တော် စတင်ရေးတဲ့ အချိန်တုန်းက ရှိခဲ့တဲ့လူတွေကိုပြောတာပါ။ ပြင်ပသူငယ်ချင်း တစ်ယောက်အနေနဲ့ ကျွန်တော်စတင် ရင်းနှီးခဲ့တာတော့ ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် မွေးနေ့ပို့စ် စတင်ရေးပေးခဲ့ဖူးတဲ့ မဗေဒါ ပဲ ဖြစ်ပါတယ်။

    အရှိန်ရလာခြင်း

    ကျွန်တော် တကယ်ပြောတာပါ။ ကျွန်တော့်ရဲ့ Senior ဆရာကြီးများ ဖြစ်ကြတဲ့ ညိမ်းငြို၊ ဖြိုးငယ်၊ တင့်ထူးရွှေ၊ မျှားပြာတို့ရဲ့ ကဗျာတွေကို ဖတ်ပြီးတဲ့အချိန် မှာတော့ ကျွန်တော့်ရဲ့ ချောက်တီးချောက်ချက် ကဗျာတွေကို ဆက်လက်ရေးသားဖို့ တော်တော်ကြီးကို စိတ်ကုန် သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် Essay တွေကို စတင်ရေးသားခဲ့ပါတယ်။ ရေးသားရေးရတယ် အဲ့ဒီအချိန်တုန်းက ကျွန်တော်နဲ့ အတူတူလောက် ပေါ်လာခဲ့တဲ့ ကိုမင်းတစေ ရဲ့ Essay တွေက ကျွန်တော့်အပေါ်အများကြီး လွှမ်းမိုးမှုတွေရှိနေပြီး (အခုချိန်အထိလဲ ကျွန်တော် သူ့အရေးအသားနဲ့ အတွေးအခေါ်တွေကို သဘောကျလျက်ရှိပါတယ်) ငါရေးရင် ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေ တပွေ့တစ်ပိုက်ကြီးရှိနေခဲ့ပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ဖြစ်ချင်တာဖြစ်ဟာ..။ ဘယ်သူမှ မဖတ်လဲ ငါ့ဘာသာဖတ်မယ်ဆိုပြီး စတင် ဖော်ရှော (မှားလို့..ဟီး) ရေးသားခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ရေးခဲ့တဲ့ စာတွေနဲ့ စာဖတ်သူအပေါင်းကို ဒုက္ခပေးခဲ့တာလည်း အချိန်ကာလ တစ်ခုအရ ကြာညောင်းခဲ့ပါပြီ။ ကျွန်တော် ထင်ရာ မြင်ရာ လက်ဆော့သမျှကို အခုချိန်အထိ ခွင့်လွှတ်အားပေးခဲ့တဲ့ ကျွန်တော့် ဘလော့ဂါ ညီအစ်ကို မောင်နှမများနဲ့ စာဖတ်ပရိတ်သတ်ကိုလည်း ကျွန်တော်အလွန် လေးစားမြတ်နိုးမိပါတယ်။

    အတွေ့အကြုံလေးများ

    ကျွန်တော် အက်ဆေးတွေ စရေးပြီးမကြာခင်မှာပဲ ကျွန်တော့် ဘလော့ကို လူသိများစေမဲ့ ပို့စ်တစ်ခု ရေးသားဖြစ် ခဲ့ပါတယ်။ ကျွန်တော့် ဘလော့အပါအ၀င် ကျွန်တော်သိသလောက် ဘလော့ ၅ ခုခန့်မှ ပြန်လည်ကူးယူဖော်ပြ ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီ့ပို့စ်ကြောင့်ပဲ ကျွန်တော်လူသိများလာခဲ့သလို၊ အဲ့ဒီ့ပို့စ်ကြောင့်ပဲ အတိုက်အခိုက်တွေ ကျွန်တော်ခံခဲ့ရပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ တိုက်ခိုက်ပါစေ ကျွန်တော့်လိပ်ပြာ ကျွန်တော်လုံတဲ့ အတွက် ကျွန်တော်ထူးထူးထွေထွေ ဘာမှမခံစားခဲ့ရပါဘူး။ (စေတနာနဲ့ သတိပေးတဲ့သူတွေကို ကျွန်တော်ဆိုလိုခြင်း မဟုတ်ပါ။) ၎င်းအတိုက်အခိုက်တွေကြားမှပင် ထိုပို့စ်နှင့်ခပ်ဆင်ဆင်တူသော ပို့စ်များကျွန်တော်ဆက်လက် ရေးသားခဲ့ပါတယ်။ ၎င်းတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်ခံပြီးကျွန်တော့် ဘလော့ကို Visitor တက်အောင် တိုက်ခိုက်ကြတဲ့သူတွေအတွက် ၀မ်းနည်းစရာတစ်ခုကတော့ ကျွန်တော့်မှာ သူတို့ထင်သလို ပြန်လည်တိုက် ခိုက်ဖို့ အတွက် ထိုက်တန်တဲ့အချိန်နဲ့ ၎င်းတို့အား နားလည်အောင် ရှင်းပြနိုင်မယ့် စကားလုံးများ မရှိခြင်းပဲ ဖြစ်ပါတယ်။ သူ့ဆန်စားရဲရပါတယ်….။ ကျွန်တော်စားနေသောဆန်သည် အမိမြန်မာပြည်နဲ့ ပြည်သူများမှ ကျွေးသော ဆန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်ရဲပါသည်။

    ညီအစ်ကိုများ

    ဒီလိုနဲ့ ကျွန်တော် ဘလော့ရပ်ဝန်းလေးထဲမှာ အချိန်ကာလတစ်ခုကြာ အရှိန်ရလာတဲ့အခါမှာတော့ ကျွန်တော့် အလွန်တန်ဖိုးထားတဲ့၊ ချစ်ခင်ဖို့ကောင်းတဲ့ ညီအစ်ကိုတွေ ရရှိလာခဲ့ပါတယ်။ ဘယ်သူတွေလဲ သိချင်လား? (မြှောက်ပြီဟေ့…)။ သူတို့ကတော့ ကျွန်တော့်အစ်ကိုတွေ ဖြစ်တဲ့ ကိုလင်းထက်၊ ကိုစိုးထက်နဲ့ ကျွန်တော့် ကျောင်းတော်ကြီး (St. Augustine) မှ Senior ကြီးဖြစ်တဲ့ ကို Zerotrash ကြီးတို့ပဲ ဖြစ်ပါတယ်။ ညီတွေကလား? ဘယ်သူတွေရှိမလဲ…. ညမီးအိမ်နဲ့ မောင်မျိုးပေါ့။ ကျွန်တော်နဲ့ နင်လား၊ငါလားပေါင်းတဲ့ သူတွေထဲက ဆိုရင်တော့ မင်းတစေနွေမုန်တိုင်းပေါက်ရ၈၀နှလုံးသားပြတိုက် (နောက်ပိုင်း ကကြီးဒေါင်း လဲပါတယ် :P ) တို့ပဲ ဖြစ်ပါတယ်။ မောင်နှမ သူငယ်ချင်းတွေအနေနဲ့ကတော့ နှင်းပွင့်၊ အိမ်လေး၊ ညီမလေး ၀င်္ကဘာ၊ မဗေဒါပန်းခရေနန္ဒာApprenticeshipမရွှေပြည်သူ မှူးဒါရီ တို့ပဲဖြစ်ပါတယ်။ (ကျန်နေသူတွေ စိတ်မဆိုးနဲ့ဗျို့။ ချက်ချင်း စဉ်းစားလို့ ရသမျှထည့်ရေးတာ။ သတိရရင် ထပ်ဖြည့်ပေးမယ် :P ) သူတို့အပြင် နောက်ထပ် ပြောမနာဆိုမနာ အစ်ကိုတွေ ညီတွေ၊ အစ်မတွေ၊ ညီမတွေနဲ့ သူငယ်ချင်းတွေများစွာ ကိုလည်း ကျွန်တော်ရရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူငယ်ချင်းကောင်းဆိုတာ ကျွန်တော်မဟုတ်တဲ့ ကျွန်တော့် ကိုယ်ပွားတွေပါပဲ။

    အမာခံပရိတ်သတ်များ

    ဒီနေရာမှာ Black Dream ရယ်လို့ဖြစ်လာဖို့ အဓိက အားပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဘလော့ဂါ မဟုတ်သော ပရိတ်သတ် (မောင်နှမတွေပါပဲ) ကိုလည်း ကျွန်တော် မချွင်းမချန်ဖော်ပြလိုပါတယ်။ သူတို့ကတော့ Wateryမအိ တို့ပဲဖြစ်ပါတယ်။ နောက်ထပ်လဲ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မသိနိုင်တဲ့အတွက် ခွင့်လွှတ်စေချင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ရေးသမျှ ရောက်တတ်ရာရာများကို အမြဲတမ်း Comment ပေး၍ ဖြစ်စေ၊ ဆီဗုံးမှာပဲ အော်၍ဖြစ်စေ၊ ဘာမှအသိမပေးပဲနှင့် ဖြစ်စေ အားပေးနေကြသော ကျွန်တော်ချစ်တဲ့ ညီအစ်ကို မောင်နှမ ပရိတ်သတ်အားလုံးအား ကျွန်တော် ကျေးဇူးတင်၊ လေးစားမိပါတယ်။

    ကျွန်တော်နှင့် လက်တွဲဖော်များ

    ကျွန်တော်ပွားခဲ့တာတွေလည်း တော်တော်များနေပါပြီ။ အခုနောက်ဆုံးကျွန်တော့် ပို့စ်ကို အဆုံးမသတ်ခင်မှာ Black Dream ရယ်လို့ ဖြစ်လာဖို့ရာမှာ ဘယ်လိုမှ ချန်ထားလို့မရတဲ့ ကျွန်တော့်ရဲ့ လက်တွဲဖော် ရဲဘော်ရဲဘက်များကို ကျွန်တော် ဂုဏ်ပြုရပါလိမ့်မယ်။ သူတို့တွေသာမရှိခဲ့ရင် ကျွန်တော့်ရဲ့ Black Dream ဆိုတဲ့ နာမည်တစ်ခုဟာ ဘယ်လိုမှ ဖြစ်တည်လာစရာ အကြောင်းမရှိခဲ့ပါဘူး။ ကျွန်တော်ပျော်ရင် ကျွန်တော်နဲ့ အတူလိုက်ပျော်ကြတယ်၊ ကျွန်တော်ကြေကွဲရင် ကျွန်တော်နဲ့အတူ ခံစားပေးကြတယ်၊ ဘယ်တော့မှ ကျွန်တော့်ကို ကောင်းသည်ဆိုးသည် မပြောပဲ ကျွန်တော့်ရဲ့ ဆန္ဒအားလုံးကို မညီးမငြူဖြည့်ဆီးပေးခဲ့ကြတဲ့ သူတွေပေါ့။ သူတို့ကတော့

    (၁) ကျွန်တော့်ရဲ့ ၆ နှစ်ကြာအသုံးပြုခဲ့တဲ့ ကျွန်တော့်ရဲ့ Compaq Laptop။
    (၂) ကော်ဖီခွက်နှင့် အပြည့် ဘလက်ကော်ဖီများ
    (၃) Zippo မီးခြစ်နှင့် အဖြူရောင် နတ်သမီးများ
    (၄) ပို့စ်တစ်မျိုးနဲ့တစ်မျိုးမရိုးရအောင် ကျွန်တော့်အား ကုန်ကြမ်းတွေပေးခဲ့သောသူများ :P နှင့်
    (၅) ကျွန်တော့်ဘေးမှာ အမြဲတမ်းရပ်တည် အားပေးခဲ့တဲ့ ကျွန်တော့်ချစ်သူတို့ပဲ ဖြစ်ပါတော့တယ်။

    p.s- အမှန်က ကျွန်တော့် တစ်နှစ်ပြည့်က စက်တင်ဘာ ၉ ရက်နေ့ကပါ။ အကြောင်းအမျိုးမျိုးကြောင့် အခုမှရေး တင်ဖြစ်ခြင်းဖြစ်ပါတယ်။

    Cateogry : Essay , Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    42 Responses to “လွန်လေပြီးသော ၃၆၅ ရက်သို့…”

    1. ကိုအိပ်မက်ရေ…၊ ကံထူးတယ်ပြောရမယ်ထင်တယ်။ ကျနော်က အခုပဲ အလုပ်ကပြန်ရောက်တုန်း ကိုအိပ်မက် ကွန်မန့်လေးရောက်နေတော့ ချက်ချင်းပဲ ပြန်လာလည်လိုက်တာ တနှစ်ပြည့် ပို့စ်လေးမှာ ဦးဦးဖျားဖျား ကွန်မန့်ရေးရမယ့်သူ ဖြစ်နေတယ်။

      ဘလော့တနှစ်ပြည့်မှာ ရေးထားတဲ့ အမှတ်တရလေးတွေကို ဖတ်ရတာ တော်တော်ကြည်နူးစရာကောင်းပါတယ်။ ဘလော့ဂ်သွေး ဘလော့ဂ်မွေးပြောင်ရောင် နေရုံတင်မက ဘလော့ဂ်စွမ်းပါ အတော်ထက်နေပြီ ဖြစ်တဲ့ ကိုအိပ်မက်အတွက် ထူးထူးထွေထွေတော့ ကျနော် ဆုမတောင်းတော့ပါဘူး။ နောက်ထပ် ကာလပေါင်းများစွာတိုင် ဘလော့ဂ်ရေးနေနိုင်ပါစေဗျာ။

      ကြုံကြိုက်ခွင့် ရခဲ့ရင်တော့ ဘလော့ဂ်ရေးခဲ့ရတဲ့ အကြောင်းလေးတွေကို ပြန်ပြောင်းပြောရင်းနဲ့ ဘီယာတ၀ိုင်းလောက်တော့ အတူတူ သောက်ချင်သေးသဗျို့။ :)

      ခင်မင်စွာ
      ကလိုစေးထူး

      Like or Dislike: Thumb up 0 Thumb down 0

    2. သူငယ်ချင်းရေ။ ၀ါသနာ ပိုးမွှားလေး ဒီထက်မက ကြီးထွားနိုင်ပါစေ။ ဘေးက အားပေးနေတဲ့ ချစ်သူနဲ့ လည်း အမြဲအဆင်ပြေပါစေ.. Idea လှလှ လေးတွေလည်း နောက်ထပ် အများကြီး ပေါ်ထွက် နိုင်ပါစေကွာ။

      Like or Dislike: Thumb up 0 Thumb down 0

    3. ဟားးး ဟားးးးး မင်းပြောမှ ငါလည်းသတိရလာတယ်။
      ဟုတ်သားပဲ ငါလည်း တနှစ်ပြည့်တော့မှာကွ….
      မဗေဒါညွှန်းလို့ မင်းဆီ စရောက်လာပြီး ခင်ခဲ့ကြတာလေး
      ကိုမြင်ယောင်မိတယ်။…
      ငါ့ဇာတ်လမ်းလေးတွေကို စိတ်ရှည်လက်ရှည် နားညည်းလံခဲ့တာလဲ မင်းပဲကွ….
      စကားမစပ် ကိုမင်းကျန်စစ်ကြီး နာမည် ကျန်နေခဲ့တယ်ထင်တယ်။ ဖြည့်လိုက်အုံး….

      Like or Dislike: Thumb up 0 Thumb down 0

    4. ဘလက်ကြီးရေ အစစအရာရာအဆင်ပြေပါစေ
      ဘလော့ကိစ္စရော တခြားပြင်ပကိစ္စတွေရောပေါ့ကွာ.. :)
      ပျော်ရွှင်ချမ်းမြေ့ပါစေ သူငယ်ချင်းရေ

      Like or Dislike: Thumb up 0 Thumb down 0

    5. တပည့် ကြီးလို့ မခေါ် ထိုက်အောင် ဆရာထက် အများကြီးသာနေ ပါပြီး
      ကျေးဇူး ပါ ကွာ ဂုဏ်ပြု တဲ့ အတွက် ..အပြင်မှာ ကော ဂုဏ်မပြုခြင် ဘူး လား အဟီး

      Like or Dislike: Thumb up 0 Thumb down 0

    6. ဘလော့ တစ်နှစ်ပြည့် မွေးနေ့ ပွဲလေးကို အမှတ်တရ လာသွားတယ် မောင်လေးရေ… ( မအိ….)

      Like or Dislike: Thumb up 0 Thumb down 0

    7. အိုမင်းပြီ ဖြစ်သော်လဲ ပိုင်ရှင် စေလိုရာကို သစ္စာရှိစွာ ဆက်လက် ထမ်းဆောင် ပေးနေတဲ့ Laptop ရယ်….

      ကော်ဖီခါးခါး အရသာတွေနဲ့ အတူ ပျံ့လွှင့်ခဲ့တဲ့ စီးကရက် မီးခိုးတွေကြားက ခံစားမှု့ အတွေး နက်နက်တွေရယ်….

      ပေါင်းစပ်လိုက်တဲ့အခါ…..

      ”မနက်ဖြန်ဆိုတာ ရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ” ဆိုတဲ့ Quote လေးအတိုင်း…

      ”အနက်ရောင် အိပ်မက်တစ်ခု၏ ၀ိဥာဉ်များ”

      ဟာ ဒီ Blog လေးမှာ အမြဲ ရှင်သန်နေမယ်ဆိုတာ နန္ဒာ ယုံကြည်တယ်။

      No matter what you are always one of my best friend as I trust you..

      With best wishes..
      SMNTL

      Like or Dislike: Thumb up 0 Thumb down 0

    8. လာတာ အတော်နောက်ကျ သွားတယ်ညီရေ ရှေ့မှာ ကိုယ့်ထက်ဦးသူတွေ အတော်တောင် ရှိနေပြီ ဒါပေမယ့် ဒါတွေက အရေးမကြီးပါဘူးလေ ကိုယ့်ချစ်ညီလေး တစ်နှစ်ပြည့် မွေးနေ့ ကို အရောက်လာ ဖို့ကသာ အဓိက မဟုတ်လား ညီပြောတဲ့ လူသိများစေမဲ့ ပိုစ့်တစ်ခု ဟာဆိုရင် လူသိများ စေရုံတင် မဟုတ်ပဲ ညီနဲ့ကိုယ်နဲ့ ညီရင်း အကိုတွေ လို ချစ်ခင်ရင်းနှီးမှုတွေ ဖြစ်ပေါ်လာစေတဲ့ တံခါးပေါက်လေး တစ်ချပ်ပါ ကိုယ့်အတွက် ဆိုရင် ချစ်စရာခင်စရာကောင်းတဲ့ ညီလေး တစ်ယောက် ကောက်ရလိုက် သလို ဖြစ်စေပြီး ညီလဲ အကိုတစ်ယောက် ကောက်ရသလို ခံစားရလိမ့်မယ် လို့ အကို ထင်ပါတယ်…။
      ဒီတော့ ဒီ တစ်နှစ်မြောက် ဘလော့ဂ် မွေးနေ့မှသည် နောက် နှစ်ပေါင်း များစွာတိုင်အောင် အနက်ရောင် အိပ်မက် တစ်ခု၏ ဝိဥာဉ် ပိုင်ရှင်ကြီး ဘလော့ဂ် လောကထဲမှာ ဆက်လက် လွင့်မျော လှုပ်ရှား နေနိုင်ပါစေ လို့ တောင်းဆုပြုပါတယ် …။

      Like or Dislike: Thumb up 0 Thumb down 0

    9.ံHappy 1.. Black Gyi…
      ဒီထက်မက လူချစ်လူခင်တွေပေါ်လာပီး ဘ၀အတူခရီးသွားနေတဲ့ ချစ်သူလေးရဲ့ နေရာပေးမှုကိုလဲ အမြဲရပါစေနော်…
      zippo မီးခြစ်နှင့် အဖြူရောင် နတ်သမီးများ တော့ထားခဲ့ပါဟာ……..
      နောက်ထပ် နောက်ထပ် ဖန်တီးမှုတွေကို အမြဲ အားပေးနေမှာပါ… ငါတို့ဆက်လက်ချီတက်ကြတာပေါ့ :D

      Like or Dislike: Thumb up 0 Thumb down 0

    10. ကျန်ခဲ့တာဖြစ်နိုင်သလို ချန်ခဲ့တာလဲ ဖြစ်နိုင်ပါတယ် ကိုပြတိုက်ရဲ့း)
      ပျော်ရွှင်အောင်မြင်ပါစေ သူငယ်ချင်း

      Like or Dislike: Thumb up 0 Thumb down 0

    11. အနက်ရောင် အိပ်မက်တွေ ထပ်မက်နိုင်ပါစေ… (ဟုတ်သေးဘူး) အိပ်မက်ရဲ့ ၀ိဥာဉ်တွေ ဖန်တီးနိုင်ပါစေ… (အာ… ဒါလဲ မဟုတ်သေးပါဘူး :P ) ထားလိုက်ပါတော့… နောက် 3650 တိုင်အောင် ပျော်ပျော်ရွှင်ရွှင် ဘလော့ဂ်နိုင်ပါစေဗျာ :)

      Like or Dislike: Thumb up 0 Thumb down 0

    12. တစ်နှစ်ပြည့်ပြီပေါ့လေ …စီနီယားကြီးပေါ့း) ၀မ်းသာ၏ ရော့…တစ်နှစ်ပြည့်လက်ဆောင်အတွက် ပရီးမီးယား ကော်ဖီတစ်ထုပ် ၊ အစ်ကိုစဉ်းစားမိသလို ညီလည်းအတွေးဝင်ဖူးတယ် ကိုမဲ က ဘယ်လိုစိတ်ကူးတွေ ၀င်ပြီး ဒီလောက်ကောင်းတဲ့ အက်ဆေး တွေ ရေးနိုင်တာပါလိမ့်လို ရေးချင်ပေမယ့် မယှဉ်ရဲလို့  ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ အခုထိ ၊ပထမဆုံး နဲ့ အမြဲတမ်း တည်ရှိနေမဲ့ အမာခံ ပရိတ်သတ် ပြီးတော့ ဘေးမှာ အမြဲတမ်းရပ်တည် အားပေးခဲ့တဲ့ ကျွန်တော့်ချစ်သူ တဲ့ တစ်ခါကြွားပြီးတော်ရောပေါ့ အစ်ကိုရာ ကိုယ့်ညီလေးတွေကို မသနားဘူးလား ။
      ကိုလင်းထက်ကြီးက ချစ်နေပြလိုက်တာ သူ့ ညီကို မနာလိုတော့ဘူးး — ညီလေးစာရင်းမှာထည့်ထားပေးလို့  ကျေးဇူးပါဗျာ ကိုမိုက်( နွေမုန်တိုင်း) ကိုသတိရသွားပြီးသူလည်းဖတ်မိရင် ၀မ်းသာမှာ….

      ကိုင်းကိုင်းး ကျနော့်အစ်ကို လူအိုလေး အယ်လေး လူပျိုလေးး ဆက်လက် Blogging နိုင်ပါစေ ခလေးရလည်းရေး မြေးတွေ ရတဲ့ အထိရေးနိုင်ပါစေ Cheerrrrrrrrrrrrrrrrrrrrrrrr ;)

      Like or Dislike: Thumb up 0 Thumb down 0

    13. ခင်ဗျားတစ်ခါ အရေးရပ်သွားတာ ကျူပ်မှတ်မိနေတယ်။

      နည်းနည်းကြာမှ ပြန်ရေးတယ်။

      သင်ကာ

      Like or Dislike: Thumb up 0 Thumb down 0

    14. တယ်ရင်းကြီး.

      ဘလော့တနှစ် ပြည့်တဲ့အထိမ်းအမှတ် အပြင်မှာ မကျွေးချင်ဘူးလား။ ဟိ နောက် ၂ နှစ်ကြာမှ ကျွေးလဲ ဖြစ်၏။ ကျွေးရင် ပြီးရော..

      ရန်ကုန်မှာ ပြန်ဆုံတွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါ၏။ မဆုံဖြစ်လဲ ဆင်ကျားပေါကိုသာ လာလည်။ ဟဲဟဲ စားဖို့ စောင့်နေမယ်။ :P

      ဘိုင်ဒယ်ဝေး.. နာ့ နှစ်ပတ်လည်ကြီးက ရွှေဝါရောင် တော်လှန်ရေးကာလကြီးဟ.. celebrate မလုပ်ဖြစ်ခဲ့ဘူး။။

      Like or Dislike: Thumb up 0 Thumb down 0

    15. တစ်နှစ်တောင်ပြည့်ပြီလား..
      အားပေးနေမယ်နော်.. :)

      Like or Dislike: Thumb up 0 Thumb down 0

    16. အတွေးကောင်း အရေးကောင်းနဲ့ စာဖတ်သူကို စွဲဆောင်ထားနိုင်တဲ့ ဘလက်ကြီးရေ၊ ငါပြောခဲ့သလိုပေါ့ ဖောက်ထွက်ပြီး စဉ်းစားတာ၊ လမ်းသစ်တွေ ဖောက်ခဲ့တာ၊ အားလုံးကောင်းတယ်၊ ဆက်လက်ပြီးလဲ စိတ်ကူးမျိုးစုံ ကွန့်မြူးနိုင်ပြီး အက်ဆေးပေါင်းများစွာ ရေးဖွဲ့နိုင်ပါစေ ။

      Like or Dislike: Thumb up 0 Thumb down 0

    17. ညီလေးရေ … အစ်ကို က ကွန်မန့် ရေးခြင်း စီဘောက် မက်ဆေ့ခ်ျ ချန်ခြင်း ရပ်ထားတယ် …

      အခုတော့ သေချာ လာပြီး ဂုဏ်ပြု တာပါ … :)

      Happy Anniversary, Cheers !
      sh

      Like or Dislike: Thumb up 0 Thumb down 0

    18. ဟက်ပီး အနီဗာစတီ ဘလက်ကြီးရေ…
      သူငယ်ချင်းကောင်းဆိုတာ ကျွန်တော်မဟုတ်တဲ့ ကျွန်တော့် ကိုယ်ပွားတွေပါ…
      မနက်ဖြန်ဆိုတာရှိနေသေးသရွေ့ ဘလက်ကြီး !မင်းရဲ့အိပ်မက်တွေကို ဆက်လက်အကောင်ထည်ဖော်နိုင်ပါစေ…

      Like or Dislike: Thumb up 0 Thumb down 0

    19. ၁ နှစ်ပြည့်ကနေ. ယုံကြည်၊ ရည်ရွယ်တဲ့ အတိုင်း ဆက်ပြီး နှစ်ပေါင်းများစွာ ရဲရင့်အောင်မြင်နိုင်ပါစေ ညီလေးရေ. :)

      Like or Dislike: Thumb up 0 Thumb down 0

    20. ကောင်းပါ့ ဘလက်ကြီးရေ .. တစ်နှစ်ပြည့်တော့
      လည်း ပြန်ပေါ်လာသားပဲ .. ငါကတော့ တစ်နှစ်
      ကျော်ပြီကွ … ၁ နှစ်မက အသံရှု မရပ်သ၍
      စာတွေ ဆက် ပေါ့ကွာ .. စာလုံးပေါင်း နည်းနည်းမှားနေလားလို့ .. ကြည့်လိုက်ပါဦး
      ငါတော့ ၂ လုံးလောက်တွေ့တယ်

      Like or Dislike: Thumb up 0 Thumb down 0

    21. နောက်တော့ကျ၏……
      ဒါပေမယ့်ရောက်အောင်တော့လာ၏……
      ကောင်းသောနေ့ပါဗျာ…..
      တစ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာဆီသို့……

      Like or Dislike: Thumb up 0 Thumb down 0

    22. အစ်ကိုရေလာလည်သွားတယ်…
      တစ်နှစ်တောင်ပြည့်ပြီနော်… မမနဲ့လည်းအဆင်ပြေပါစေ..

      Like or Dislike: Thumb up 0 Thumb down 0

    23. တစ်နှစ်အတွင်းမှာ အကောင်းဆုံးလုပ်ဆောင်သွားနိုင်တဲ့
      အတွက် ဂုဏ်ယူပါတယ် နောင်တော်။
      ဖန်တီးလေ ဆန်းသစ်လေ။ အသစ်အသစ်များဆက်လက်
      ရေးသားနိုင်ပါစေ။

      Like or Dislike: Thumb up 0 Thumb down 0

    24. ချစ်ဖရန့်ကြီး.. ငါတောင်တော်တော်နောက်ကျနေပြီ… ကျန်သေးရဲ့လားမသိဘူး..(စားဖို့.. အဲလေ ဘာမှလဲမကျွေးထားဘူး)… နင်၁နှစ်ပြည့်မှ ငါ့ဘလော့ငါပြန်ကြည့်မိတော့..ငါတောင် ဘလော့ဂါလိုစာရေးတာ ဒီလ၂၉ရက်နေ့ ၁နှစ်ပြည့်ပြီဟ.. မရှေးမနှောင်းပဲ..
      ငါ့အတွက်လဲ နင်က ပထမဦးဆုံးတွေများတယ်ဟ..
      ပထမဆုံး ဘလော့ဂါသူငယ်ချင်း..
      ပထမဆုံး ငါနဲ့ ဂျီတော့မှာ ချက်တဲ့ ဘလော့ဂါသူငယ်ချင်း.. new year night တုန်းက ငါစိတ်ညစ်အထီးကျန်နေတဲ့အချိန်မှာ ငါနဲ့အွန်လိုင်းမှာ အဖော်လုပ်ပြီး ငါစကားတွေကို နားထောင်ပေးခဲ့တဲ့ အတွက်လဲကျေးဇူးပဲ…
      နင်က ငါ့အတွက် ပထမဆုံးနဲ့ တစ်ဦးတည်းသော မွေးနေ့ပိုစ့်ရေးပေးတဲ့သူ… နင်ငါ့အတွက်ရေးတဲ့ မွေးနေ့ပိုစ်လေးမှာ နင့်အရေးအသားကောင်းတော့ ကွန်မန့်တွေအများကြီးရတာ ငါနဲ့လဲဘာမှမဆိုင်ပဲနဲ့ ငါတော်တော်ပျော်ခဲ့တယ်..
      ပထမဆုံး သူများကွန်မန့်များတာကို ထပ်တူထပ်မျှဝမ်းသာပေးခြင်းပဲ.. အဲဒီပိုစ့်လေးက ငါစိတ်ဓာတ်ကျနေတဲ့ အချိန်မှာ နင်ရေးပေးခဲ့တာ.. အဲဒိပိုစ့်လေးကြောင့်လဲ ငါ့မွေးနေ့မှာ စိတ်ညစ်စရာတွေချန်ထားပြီး ပျော်နိုင်ခဲ့တယ်.. ခုထိလဲ ငါစိတ်ဓာတ်ကျတိုင်းအဲဒိပိုစ့်လေးကို ပြန်ဖတ်ဖြစ်တုန်းပဲ… ငါ့၂၃နှစ်ပြည့်မွေးနေ့မှာရခဲ့တဲ့ အကောင်းဆုံးမွေးနေ့လက်ဆောင်လေးပေါ့.. နင့်ဘလော့လေး ငါအသက် ၁ဝဝ ရှည်တဲ့ထိတည်မြဲနိုင်ပါစေဟာ… နောက်နောင်အသက် ၁ဝဝထိ ရေးပေးအုံးနော်.. ဟီး)

      နင်ကသူများဘလော့တွေဖတ်ပြီး နင့်ဘလော့ကိုအားမရလို့စိတ်ဓာတ်ကျတယ်ပြောတိုင်း ငါ့ဘလော့ကိုငါသတ်ပြစ်ချင်စိတ်ကိုပေါက်ရော.. ငါကနင့်ဘလော့ဖတ်ပြီး ငါ့ဘလော့ငါအားမရလို့ တစ်ခါတစ်လေ စာရေးတောင်ရပ်ရပ်သွားတယ်.. နင်ရေးတဲ့ပိုစ့်တွေမှာ ဒီလောက်ကွန်မန့်တွေများတာ.. အရေအတွက်အဓိကမဟုတ်ဘူး.. အရေအသွေးအဓိက.. ခုတော့ငါလဲ နင့်လိုပဲ.. ငါ့ကိုရီယားကား ဂျပန်ကားတွေကိုဖက်တွယ်ပြီးနေနေတယ်.. ဟီး…
      နောက်ဆုံးပြောချင်တာက ငါတို့ဘလော့ရေးတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ရေးတာ.. နာမည်ကြီးဖို့ရေးတာမဟုတ်ဘူး.. ပတ္တမြားမှန်ရင်ဘယ်တော့မှနွံမနစ်ဘူး.. ဆက်သာရေး.. နောက်နှစ်တွေလဲ နင့်ဘလော့မွေးနေ့ကို ငါလာဆုတောင်းပေးချင်သေးတယ်.. ခုတော့တော်တော်ရှည်နေပြီ.. နားမယ်…
      P.S Heartmuseum ကြီးနဲ့ ငါကနေ့တဆင့်ခင်တာပေါ့လေ.. ငါ့ကျတော့ဂျီတော့မှာခုမှချက်ရတယ်.. ပြတိုက်ကို ဗုံးသွားခွဲမယ်…

      Like or Dislike: Thumb up 0 Thumb down 0

    25. သိပ်တော့မပြောချင်ဘူး။ ရောက်လာတိုင်း ကော့မန့်တွေ့က အများကြီးဆိုတော့။ မနာလိုဖြစ်တယ် ပြောမလို့ပါ။ တကယ်။ အဲလောက်ကြီး အများကြီး ရလို့။ ဝမ်းသာတယ် အစ်ကို။ ဒါလည်း တကယ်ပြောတာ။ နောက်ဆက်ရေးလည်း အားပေးနေမယ်။ ကော့မန့်တွေလည်း အခုလိုပဲအများကြီးရပါစေနော်။ စည်စည်ကားကားပေါ့။

      Like or Dislike: Thumb up 0 Thumb down 0

    26. ဪကျွန်တော်လာတာတောင်တော်တော်နောက်ကျသွားတာပဲ ဆောရီးအစ်ကိုရာ…တစ်နှစ်ပြည့်ဆိုပြီးအရှိန်မလျှော့နဲ့နော် တစ်နှစ်ထက်တစ်နှစ်ပိုပိုကောင်းအောင်ရေးဦး အခုတောင်ဘလောခ်လေးကိုပစ်ထားတာ။ တစ်နှစ်ပြည့်မှတ်မိလို့တော်သေး။ အစ်ကိုရေဒီအချက်လေးရှင်းဘူးနော် သေချာပြန်ရှင်းပြ

      (၅) ကျွန်တော့်ဘေးမှာ အမြဲတမ်းရပ်တည် အားပေးခဲ့တဲ့ ကျွန်တော့်ချစ်သူတို့ပဲ ဖြစ်ပါတော့တယ်။

      ကျွန်တော်ချစ်သူတို့ပဲ ဆိုတော့တစ်ယောက်တည်းဟုတ်ဘူးပေါ့။ သေချာရှင်းနော် ရဘူးသိချင်တယ်။

      Like or Dislike: Thumb up 0 Thumb down 0

    27. ငါ့ကိုလာမခေါ်လို့ တော်တော်တင်းနေတာ to be honest ငါမနေ့က မောင်မျိုးဆီပုံးမှာတွေ့လို့လာတော့ ကွန်းမန့်က ၁၀ခုပဲရှိသေးတယ် ဖတ်ပြီးတမင် ပြန်သွားတာ နင်သိတဲ့အတိုင်းပဲ ငါ့ဆီနင်အရင်လာလည်မှ ငါကကွန်းမန့်လာပေးတာဆိုပေမယ့် အရင်ထဲက ငါအမြဲလာဖတ်နေကျဆိုတာ ပြောဖူးသားပဲ ဘလက်ရဲ့ကဗျာတွေကို ဖတ်ဖူးပေမယ့် စကားပြေတွေကျမှပဲ တကယ်ကို အရမ်းနှစ်သက်ခဲ့တယ် အကြိုက်ဆုံးစကားပြေရေးသားသူများထဲက တစ်ယောက်ပါပဲ အမြဲငိုရတဲ့ လှည့်ကွက်တွေနဲ့ပို့စ်တွေကို ဖတ်ရင်းငိုရင်းကပဲ မဖတ်ရမနေနိုင်ခဲ့ပြန်ဘူး နင့် anniversery ပြီးရင် ငါ့ကိုပေးထားတဲ့ကတိကို မမေ့နဲ့

      Like or Dislike: Thumb up 0 Thumb down 0

    28. လဒလေး . . . .
      ကျွန်တော်က အဲဒီ့လို တစ်ခါတစ်ခါခေါ်ပေမယ့် စိတ်မဆိုးတတ်တဲ့ ညီလေးပေါ့။
      ကဲ တစ်နှစ်ပြည့်သွားပြီတဲ့လား အကိုနဲ့ ရှေ့ဆင့်နောက်ဆင့်ပေါ့လေ။
      ဒါပေါ့ St.Augasitne မှာလဲ စီနီယာ ဂျူနီယာပဲဟာ ဟဲ ဟဲ အကို့ထက်တော့ နောက်ကျရမှာပေါ့နော့။
      ဒါပေမယ့်ပေါ့လေ အကို့ထက်တော့ လူချစ်လူခင်ပေါများတာ အမှန် အကို့ထက်တော့ လက်စောင်းထက်တာ အမှန်ပါပဲ ဂုဏ်ယူပါတယ် ညီလေး။ ၃၆၅ ရက်ကြီးကို ကျော်ပြီးခဲ့ပြီတဲ့လား ပို့စ်တွေကလဲ များပြားလာလိုက်တာ။ blackdream21.com ဆိုတဲ့ ဒိုမိန်းကို ဝယ်ထားတဲ့ အထိစွဲလန်းမှုကြီးတဲ့ ညီလေးကို ကူညီနိုင်တာတွေ ကူညီပါ့မယ် (အားရင်ပြောတာ)။ မွေးရက်ချင်းတူတာလဲ ဆန်းသားပဲ။ ကဲ ကဲ တစ်နှစ်ပြည့်မှာ ပျော်ရွှင်ပါစေညီရေ။ (စကားမစပ်ကွာ မင်းဆိုဒ်ကို ဖွင့်လိုက်ရင် Enya ကြီးက ထထအော်တယ်။ နားထောင်နေတဲ့သီချင်းတွေနဲ့ ရောရောကုန်လို့ စိတ်နောက်တယ် :D )

      Like or Dislike: Thumb up 0 Thumb down 0

    29. တစ်နှစ်မြောက် ဘလော့ဂ် မွေးနေ့မှသည် နောက် နှစ်ပေါင်း များစွာတိုင်အောင် ပျော်ရွှင်စွာ ဘလော့ဂင်း နိုင်ပါစေ။ :D

      Like or Dislike: Thumb up 0 Thumb down 0

    30. ဟယ် ဒက်ဒီလေးနဲ့ နာနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ဟိ

      Like or Dislike: Thumb up 0 Thumb down 0

    31. အိပ်မက်နက်

      မောင်လေးရဲ့ဘလော့လေးကိုအမြဲလာရောက်အားပေး
      ဖတ်ရှု့နေပါတယ်..အမြဲတမ်းတိတ်တိတ်လေးလာရောက်
      အားပေးဖတ်ရှု့ပြီး..cbox & commet မှာနှုတ်မဆက်ပဲ
      ပြန်သွားတာပါ.. အခုလည်း ၁နှစ်ပြည့်ပြီဆိုတော့မောင်
      လေးနဲ့အတူအတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်မိပါ
      တယ်..နောင်လည်းစာကောင်းကောင်းလေးတွေ
      ဆက်လက်ရေးသာနိင်ပါစေ..

      Like or Dislike: Thumb up 0 Thumb down 0

    32. မောင်လေးရေ.. အိပ်မက်တွေကို ဆက်လက်ဖက်တွယ်ထားနိုင်ပါစေနော် :)

      Like or Dislike: Thumb up 0 Thumb down 0

    33. အသက်အရ အစ်မက ကြီးပေမယ့် Blog မှာ အစ်မထက် ၀ါ ၁ လကြီးတဲ့ မောင်လေး Blackdream ရေး) … ကိုယ်တိုင်လည်း ပို့စ်အသစ်တွေ အမြဲစောင့်ဖတ်ရသလို သူများတွေကိုပါ ပြန်ညွှန်းဖြစ်တဲ့ Blog ကောင်းတစ်ခု (၁)နှစ်ပြည့်အတွက် Congratulations ပါမောင်လေး။ ဒီတစ်နှစ်ပြည့်ပို့စ်မှာ အစ်မတွေစာရင်းမှာ မမေ့မလျော့ ထည့်ပေးတာကိုလည်း ကျေးဇူးတင် ၀မ်းသာမိပါတယ်။ Blog(၁)နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာတိုင် အိမ်မက်တွေကို အမြဲဖက်တွယ်ထားနိုင်ပါစေ။ အိပ်မက်တွေ အမြဲရှင်သန်နေပါစေ။ အဲဒီ အိပ်မက်တွေကနေ အိပ်မက်တွေထက်လှတဲ့ Reality တွေကိုပါ ဖန်တီးပိုင်ဆိုင်နိုင်ပါစေ…

      Like or Dislike: Thumb up 0 Thumb down 0

    34. အစ်ကိုရေ…Happy one year ဘာနော်..
ိဒီနွေကျောင်းပိတ်ရက်တွင်း သိပ်မရောက်ဖြစ်ပေမယ့်လည်း
      မှတ်မှတ်ရရ ရှိနေပေးလို့ ၀မ်းသာပါတယ်ရှင်…
      ပိုပြီးရသမြောက်တဲ့၊ ပညာပေးနိုင်မယ့် ပို့စ်အသစ်တွေကို တင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်..
      အားပေးလျက်ပါ……

      Like or Dislike: Thumb up 0 Thumb down 0

    35. မလျှော့သောဇွဲကြောင့် ဘလော့လာတာ ၁ နှစ်တောင်ရှိပြီဆိုတော့ ဂုဏ်ယူမိပါတယ်။ ညီမလဲ ဒီနောက်ပိုင်း ဘလော့သိပ်မရေးဖြစ်တော့ နောက်ကျမှာလာမိတာပါ။
      နောက်နှစ်ပေါင်းများစွာ ဆက်လက်တည့်တံပါစေ။

      Like or Dislike: Thumb up 0 Thumb down 0

    36. အရမ်းကောင်းတဲ့အရေးအသားတွေနဲ့စာရေးက
      လည်းကောင်းလွန်းလှပါတယ်..ပျော်ရွှင်ပါစေ..
      သူငယ်ချင်း….

      Like or Dislike: Thumb up 0 Thumb down 0

    37. တနှစ်ပြည့်အတွက် congratulation လုပ်ရင်း အကောင်းဆုံးပိုစ့် (လူသိများစေခဲ့တဲ့ပိုစ့်) ကို တစ်ခါထပ်ဖတ်သွားတယ်

      Like or Dislike: Thumb up 0 Thumb down 0

    38. လူသိများစေတဲ့ ပို့ စ်ကို ထပ်ဖတ်သွားတယ် ညီလေးရေ။ အဲဒီ့ ပို့ စ် ညီလေး ဘလော့ခ် ပေါ်မှာ မတွေ့ ခင် တခြားဘလော့ခ်ပေါ်မှာ အဲဒီတုန်းက အရင်ဖတ်လိုက်ရတာ။ အခုထိ မှတ်မိနေသေးတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    39. congratulations နော်… မရောက်တာ တော်တော်လေးကိုကြာသွားပြီ… ဒီထက်မက စာဆက်ရေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်.. =)

      Like or Dislike: Thumb up 0 Thumb down 0

    40. အဟ
      ၄၁ ယောက်ကွန့်မန့်ပေးသူက ငါပါလားကွ။ ဒီတစ်လော အလုပ်ရှုပ်နေတာနဲ့ မရောက်ဖြစ်လိုက်ဘူး ။ ပြီးတော့ နင့်ဘကြီး ဟိုနတ်က နှောက်ယှက်နေလို့အေ။း)
      ကွန်ကရက်ဂျုလေးရှင်း အိမ်မက်မဲရေ……………… အရေးအသားတွေ ဒီထက် တိုးတက်ပီး များများရေးသားနိုင်ပါစေ။
      ချစ်သူနဲ့လည်း အမြဲချစ်နိုင်ပါစေကွာ..

      Like or Dislike: Thumb up 0 Thumb down 0

    41. ပျော်စရာ (၁)နှစ်ပြည့်မွေးနေ့မှ..
      နောင်နှစ်ပါင်း (၁၀၀) တိုင်ပေါစေသော်ဝ်။

      Like or Dislike: Thumb up 0 Thumb down 0

    42. [...] လွန်လေပြီးသော ၃၆၅ ရက်သို့… (41) [...]

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply