• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့် ငြိမ်းချမ်းရာ

    August 3 , 2008 | 432 views

    အခန်း(၁)

    HAPPY ENDING!

    ဤဇာတ်လမ်း၏ နောက်ပိုင်းတွင်
    သေဆုံးသွားခြင်း
    လမ်းခွဲသွားခြင်း
    နှုတ်ဆက်သွားခြင်း
    လုံးဝ (လုံးဝ) ပါဝင်ခြင်းမရှိ။


    အခန်း(၂)

    ကျွန်တော် ဒီနေရာလေးကို အတော်ပင်နှစ်သက်မိပါသည်။ ပတ်ဝန်းကျင်သည် အမြဲတမ်း စိမ်းလန်းသာယာပြီး လှပ လတ်ဆတ်နေလေ့ရှိတဲ့ နေရာလေး တစ်ခုပါ။ ကျွန်တော်လား? ကျွန်တော်က ဒီနေရာလေးမှာ ပန်းရောင်းတဲ့ ပန်းဆိုင်လေး တစ်ခုဖွင့် ထားတဲ့သူပါ။ သူတို့ ချစ်တဲ့၊ မြတ်နိုးတဲ့၊ တန်ဖိုးထားတဲ့၊ လေးစားတဲ့ သူတွေဆီကို လာတတ်ကြတဲ့ သူတွေအတွက်, သူတို့လာလည် ကြတဲ့အခါ လက်ဆောင်လေးတစ်ခု အဖြစ်ပေးနိုင်ဖို့ ကျွန်တော် ဒီနေရာလေးမှာ အခုလို ပန်းဆိုင်လေးတစ်ခု ဖွင့်ထားခြင်းဖြစ်ပါတယ်…။ ကျွန်တော့်ဆိုင်လေးကိုလည်း ဒီနေရာလေးနဲ့ လိုက်ဖက်ညီထွေမှု ရှိစေရန်အတွက် ဒီဆိုင်လေးတည်ရှိရာ နေရာလေးရဲ့ အမည်”ငြိမ်းချမ်းရာ” ဆိုတာလေးကိုပဲအဆွဲပြုပြီး နာမည်ပေးထားပါတယ်။…………………. “ငြိမ်းချမ်းရာ ပန်းဆိုင်” ……………………….။

    အခုကျွန်တော်ပြောချင်တာက ကျွန်တော့်ပန်းဆိုင်လေးကို ကြေငြာဖို့မဟုတ်ပါဘူး။ ကျွန်တော်ဒီပန်းဆိုင်လေးကို စဖွင့်တဲ့အချိန်ကတည်းက အခုချိန်ထိ ကျွန်တော့်ရင်ထဲမှာ အမှတ်တရအဖြစ် နွေးထွေးစွာကျန်ရှိနေခဲ့တဲ့ အဖြစ် အပျက်လေးတစ်ခုကို ပြောပြချင်လို့ပါ။ အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ အဖြစ်အပျက်လေး တစ်ခုပေါ့ဗျာ…။ ကျွန်တော်ပြန်တွေးမိတိုင်း ရင်ထဲမှာ အမြဲနွေးထွေးစေခဲ့တဲ့ အကြောင်းအရာလေးတစ်ခုပေါ့။ အခုကျွန်တော် ပြောပြမယ့် ဇာတ်လမ်းလေးထဲမှာတော့ သရုပ်ဆောင် စုစုပေါင်း (၃) ယောက်ပဲပါတယ်။ အဲ့ဒီသုံးယောက်က တော့ ကျွန်တော့်ဆိုင်မှာ နေ့စဉ်အမြဲတမ်း ပန်းစည်းလာဝယ် တတ်တဲ့ ဘဘကြီးရယ်၊ သူ့အမျိုးသမီးရယ်….။ နောက်တစ်ရောက်ကတော့…..။ ဟဲ..ဟဲ….။ ကျွန်တော်ပေါ့ဗျာ….။

    ဇာတ်လမ်းလေးရဲ့ အစက ဒီလိုဗျ…။ ကျွန်တော်ဒီဆိုင်လေးကို စဖွင့်တဲ့နေ့ကတည်းက အခုကျွန်တော် ခင်ဗျားတို့ကို ဒီဇာတ်လမ်းကို ပြောပြနေတဲ့အချိန်အထိ နေ့တိုင်း ကျွန်တော့်ဆိုင်ကနေ ပန်းစည်းလေး တစ်စည်း လာလာဝယ်ပြီး သူမြတ်နိုးရာ သူ့ချစ်ဇနီးကို နေ့စဉ် လက်ဆောင်ပေးလေ့ရှိတဲ့ ဘဘကြီးတစ်ယောက်ရှိတယ်ဗျ။ အသက် (၇၀) ကျော်လောက်တော့ရှိပြီ။ ကျွန်တော်ဒီနေရာလေးမှာ ဆိုင်ဖွင့်ခဲ့တာပဲ ၅ နှစ်လောက်ရှိနေပြီ။ တစ်ရက်မှ မပျက်ကွက်ခဲ့ဖူး။ ကျွန်တော် ဒီနေရာမှာ ဆိုင်မဖွင့်ခင်ကတည်းက သူကအခုလိုပဲ သူ့ချစ်ဇနီးလေးဆီ နေ့စဉ်နေ့တိုင်း ပန်းစည်းလေး တစ်စည်း ၀ယ်ဝယ်လာပြီး လက်ဆောင်ပေးခဲ့တာ နှစ်ပေါင်းဘယ်လောက်ရှိ ခဲ့မှန်း ကျွန်တော်ခန့်မှန်းလို့တောင် မရတော့ဘူး…။ မှတ်မှတ်ရရ ဒီနေ့ခင်ဗျားတို့ကို အခုလိုပြောပြဖို့ ဖြစ်လာတဲ့ အကြာင်းကတော့ မနေ့က သူနဲ့ သူ့ဇနီးရဲ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် နေ့လေးမို့ လို့ပဲဗျို့။ အခုလောက်ဆို သူ့ချစ်ဇနီး ဖွားဖွားကို သူဘယ်လောက်မြတ်နိုး တန်ဖိုးထားတယ်ဆိုတာ ခင်ဗျားတို့ ခံစားကြည့်လို့ ရလောက်ပြီပေါ့…။ ကဲ….။ ဆက်လိုက်ကြရအောင်လားဗျာ….။

    အခန်း(၃)

    ဒီနေ့ သူ့စိတ်တွေ အရင်ကထက်ပိုပြီး လန်းဆန်းတက်ကြွနေခဲ့သည်။ သူ့ရင်တွေအရမ်းခုန်တာကို သူ့ဘာသာ သေသေချာချာ သတိထားနေမိခဲ့တယ်။ မနေ့က ညကတည်းက ဒီနေ့အကြောင်းတွေးပြီး သူကြည်နူးနေခဲ့လို့ အခုချိန်ထိ တရေးမှ ကောင်းကောင်းမအိပ်ရသေးပေ။ ဒီနေ့မနက်လည်း ခါတိုင်းတွေထက် ပိုပြီးစောစောစီးစီး နိုးနေခဲ့တယ်။ မနက်နိုးတယ်ဆိုရင်ပဲ ကမန်းကတမ်း ရေချိုး၊ အ၀တ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်လိုက် သည်။ အထူးအစီအစဉ်အနေဖြင့် ဒီနေ့မှာ လွန်ခဲ့သောအနှစ် (၂၀)ကသူ့မွေးနေ့မှာ ချစ်သူက သူ့အားမွေးနေ့ လက်ဆောင် အဖြစ်ပေးခဲ့သော အင်္ကျီနှင့် ပုဆိုးကို တမင်ရွေးချယ် ၀တ်ဆင်လိုက်လေသည်။ အားလုံးအဆင်သင့် ဖြစ်တော့ ထုံးစံအတိုင်း မြေးမလေးစီစဉ်ပေးထားတဲ့ နံနက်စာ ဘလက်ကော်ဖီပူပူတစ်ခွက်နဲ့ မုန့်ဟင်းခါးကို အမြန်စားပြီး သူ့ချစ်ဇနီးထံသို့ အမြန်ဆုံးစတင်ထွက်ခွာခဲ့လေသည်။

    သူနှင့် သူ့ဇနီးတို့သည် အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်တစ်နေရာဆီ ခွဲခွာနေထိုင်ခဲ့ရသည်မှာ အနှစ် ၂၀ ခန့်ရှိခဲ့ပြီ ဖြစ်ပါတယ်…။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ သူတို့နှစ်ယောက်ဟာ ငယ်စဉ်ကအတိုင်း ဘာမှမပြောင်းလဲသေးပဲ တစ်ယောက်အပေါ်တစ်ယောက်တန်ဖိုးထားဆဲ၊ မြတ်နိုးနေကြဆဲပါပဲ…။ သူ့ဇနီးထံသို့ လာရာလမ်းတစ်လျောက် ချစ်ဇနီးအားတွေ့လျှင် ပြောပြမည့် စကားလုံးများကို စီရင်း၊ စဉ်းစားရင်း ကိုယ့်စိတ်ကူး နဲ့ကိုယ် ပြုံးလိုက်၊ တစ်ယောက်ထဲ ရှက်ပြီး ခေါင်းခါလိုက်လုပ်ရင်း ဆောင်းကုန်စ ခပ်ပါးပါးသာကျန်တော့တဲ့ နှင်းစက်တွေနဲ့ မပွင့်တပွင့် ဖြာကျနေတဲ့ နေရောင်ခြည်ရဲ့ နံနက်ခင်းတစ်လျှောက် သူ, လူငယ်လေး တစ် ယောက်အလား အာရုံတွေ လတ်ဆတ်နေခဲ့ပါတော့သည်။

    သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ မေတ္တာတစ်ရားကို ဒီလောကတွင် မည်သူ တစ်ဦး တစ်ယောက်ကမှ ယှဉ်ပြိုင်တုနှိုင်းနိုင်မည်မဟုတ်မှန်း သူထာဝရယုံကြည်ခဲ့သည်မှာ ယခုအချိန်အထိပင် ဖြစ်ပါသည်။ အချိန်ကာလနှင့် နေရာဒေသတို့၏ နီးခြင်းဝေးခြင်းတို့သည် သူနှင့် သူ့ချစ်သူကြားတွင် ထားရှိ သော မေတ္တာ တစ်ရားအား မည်သို့မှ တားဆီးခြင်းကို မပြုနိုင်ခဲ့ပေ။ သူမ သူ့အနားတွင် ရှိခဲ့စဉ်အခါက သူမသည် သူအားငယ်နေချိန်များတွင် မိခင်တစ်ယောက်ကဲ့သို့ နှစ်သိမ့်စေတတ်ခဲ့သည်။ သူ ဖြတ်သန်းခဲ့ရာ ဘ၀ခရီးတစ်လျောက် လောကဓံလှိုင်းလုံးများ၏ တိုက်ခိုက်မှုများကို ခံခဲ့ရတိုင်း ချစ်သူတစ်ယောက်အနေဖြင့် သူ့လက်အားတွဲ၍ အတူတကွ ကြံကြံခံခဲ့ကြသည်။ အောင်မြင်မှုအသီးအပွင့်များနဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုများကို ကြုံတွေ့ခဲ့ရသော ကလများတွင်မူ သူငယ်ချင်းတစ်ယောက်၊ မောင်နှမတစ်ယောက်အနေဖြင့် အတူတကွ ကြည်နူးရင်း စက္ကန့်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ကြဖူးလေသည်….။

    သူအတွေးစများကို ဖြတ်လိုက်သည်။ မကြာခင် သူ့ချစ်ဇနီးရှိရာ နေရာလေးသို့ ရောက်ရှိတော့မည် ဖြစ်သည်။

    အခန်း(၄)

    “ကိုဦး…”

    “ဗျာ… အဘ”

    ” အေး… ထုံးစံအတိုင်းလုပ်ကွာ…။ ဒီနေ့တော့ ရှယ်လုပ်ဟေ့…။ ဒီနေ့က အရေးကြီးတဲ့ အဘတို့နှစ်ယောက်ရဲ့ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ကွ…ဟား…ဟား…။ ဒီမှာကောင်လေး မင်းကြိတ်ပြီး အားကျ နေတာမလား…ဟား..ဟား”
    အဘသည် တကယ်ပင် ယခင်နေ့များထက် တက်ကြွစွာ ကျွန်တော့်အား စနောက် ရင်း စကားတွေ အများကြီးပြောနေပါတော့တယ်….။

    “ဟုတ်ကဲ့အဘ…အဘ။ စိတ်ကြိုက်ဖြစ်စေရမယ်…။ ဒီနေ့က အထူးအစီအစဉ်ဆိုတော့ ကျွန်တော့်ကို ပိုက်ဆံမပေးနဲ့ဗျာ…။ ကျွန်တော်အဘတို့ နှစ်ယောက်အတွက် ရွှေရတု လက်ဆောင်အဖြစ်ပေးလိုက်မယ်…”
    ထုံးစံအတိုင်းဆိုသည်မှာ သူ့ချစ်ဇနီးဖွားဖွား အလွန်ကြိုက်တတ်သော အဖြူရောင်နှင်းဆီများကို ဆိုလိုခြင်းပါ။ ဘဘကပြောဖူးသည်။ ဖွားဖွားနှင့် အိမ်ထောင်ကျခဲ့ပြီးကတည်းက နှစ်စဉ် နှစ်ပတ်လည်နေ့တိုင်း နှင်းဆီဖြူများပေးလေ့ရှိကြောင်းနဲ့။ တစ်နှစ်တိုးတိုင်း တိုးတိုင်း နှင်းဆီတစ်ပွင့် တိုးတိုးပြီးပေးခဲ့ကြောင်းပါ။ ကျွန်တော်လည်း သူပြောမှ အဲ့ဒီ့နေ့က နှင်းဆီပန်းတွေကို သေသေချာချာ ရေကြည့်မိခဲ့သည်….။ အဖြူရောင် နှင်းဆီစုစုပေါင်း အပွင့် (၅၀) တိတိ…။

    “အိုကေ…ကျေးဇူး ကိုဦး… အဘသွားတော့မယ်။ ဟိုမှာ အခုလောက်ဆို အဘကို စောင့်ရတာ မင်းအဖွားလည် ပင်းလည်း သစ်ကုလားအုတ် ဖြစ်လောက်ရောပေါ့”

    “ဟုတ်ကဲ့ပါ အဘ။ စိတ်ချပါ….။” ဟု ပြောကာ ထွက်ခွာသွားသော ဘဘရဲ့ နောက်ကြောကြည့်ရင်း “ပျော်ရွှင် ဖွယ်ရာ ရွှေရတုအထိမ်းအမှတ်နေ့လေးဖြစ်ပါစေ အဘရာ”ဟုသာ ပြုံးရင်း စိတ်ထဲမှ ဆုတောင်းပေးနေခဲ့ မိလေသည်။

    အခန်း(၅)

    သူရောက်သွားတော့ သူမနှစ်ခြိုက်စွာ အိပ်မောကျနေလေသည်။ သူပြုံး၍ သူမအား အနမ်းတစ်ခုအား အထိမ်းအမှတ်နေ့လေးအဖြစ် ခပ်ဖွဖွပေးလိုက်လေသည်။ သူမ ဆက်လက်အိပ်ပျော်နေဆဲ ဖြစ်သည်။ ထို့နောက် ယူဆောင်လာသော ပန်းစည်းလေးအား သူမ၏ဘေးတွင်ချကာ “ပျော်ရွှင်ဖွယ်ရာ ရွှေရတုနေ့ပါ ချစ်သူ” ဟု ပြောကာ သူမ၏ဘေးတွင် ငြင်သာစွာ ၀င်ရောက်လှဲလျောင်းလိုက်လေသည်။ သူအခုလို သူမ၏ ဘေး တွင် အိပ်စက်ခွင့် ရတိုင်းရင်တွေ ခုန်နေလေ့ရှိသည်။ ထိုရင်ခုန်သံများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယခု အချိန်အထိ ပြောင်းလဲသွားခြင်း မရှိသေးသည်ကို သူတွေးရင်း ကျေနပ်နေမိလေသည်။ သူ့ချစ်သူ၏ မျက်နှာပြင် လေးသည် အိပ်ပျော်နေသော အချိန်များတွင် လွန်စွာ အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်ကဲ့သို့ အလွန်ပင် လှပနေတတ်ပါသည်။ သူမ ဘယ်အချိန်အထိ ဆက်လက်အိပ်ပျော်နေမည်မသိ။ သူလည်း သူမ၏ ဘေးတွင် လှဲလျောင်းရင်း လွန်ခဲ့သော နှစ်ပေါင်းများစွာမှာ အမှတ်တရများအား မျက်စိကို မှိတ်၍တွေးတောရင်း သူမ နိုးထလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။

    ဇာတ်သိမ်း

    “အဘ…..ထတော့လေ။ မှောင်စပျိုးလာပြီ”
    ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိ ကိုဦး၏ အသံကိုကြားမှ သူ့ကိုယ်သူ အိပ်ပျော်သွားမှန်းသိလေသည်။ ဒါလည်း အဆန်းတော့မဟုတ်ပါ။ သူ့အတွက် ဒီအတိုင်း ဖြစ်နေကြပင်ဖြစ်သည်။ ကိုဦးသည်လည်း သူ့အားထိုသို့ပင် အမြဲ တမ်း လာနိုးကာ သတိပေးနေကြပင် ဖြစ်သည်။

    သူပြန်ရတော့မည်။ တစ်နည်းအားဖြင့် သူမအားတစ်ယောက်ထဲ ထားခဲ့ရအုံးမည် ဖြစ်သည်။ သူမဘက်သို့ သူ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ သူမဆက်လက် အိပ်ပျော်နေစဲပင် ရှိသေးသည်။ သူပြုံး၍ သူမအား အဖြူရောင် နှုတ်ဆက် အနမ်းတစ်ခုကို ပေးလိုက်စဉ် အ၀ါရောင် ရော်ရွက်ဝါ တစ်ခုသည် သူမငြိမ်းချမ်းစွာ အိပ်စက်ရာနေရာ၏ အပေါ်ရှိ သူမ၏ နာမည်ပေါ်သို့ ဖြေးညှင်းစွာ ကြွေကျလာခဲ့ပါတော့သည်။

    ဒေါ်ငြိမ်းနှင်းဖြူ
    အသက် (၅၀)
    ငြိမ်းချမ်းရာ ရင်ခွင်၌ အိပ်စက်သည်

    p.s- ကျွန်တော်နေ့စဉ် ဖြတ်သန်းခဲ့ဖူးသော လမ်းပေါ်ရှိ သုဿာန်နှင့် ၎င်းအ၀င်အ၀တွင် ဖွင့်လှစ်ထားသော ပန်းဆိုင်လေးအား ကြည့်ကာ စိတ်ကူးတင်ပြခြင်း ဖြစ်ပါသည်။
    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    29 Responses to “ကျွန်တော်နှင့် ငြိမ်းချမ်းရာ”

    1. Wow..,

      What a great thoughts!!! You are very talented and I am amazed to read your post.

      Brilliant!! Simply wort it to wait long time to your new post.

      Keep rolling.
      SMNTL

      Like or Dislike: Thumb up 0 Thumb down 0

    2. ကောင်းတယ်ဗျာ ။အားပေးနေပါတယ်

      Like or Dislike: Thumb up 0 Thumb down 0

    3. ကောင်းတယ်ဗျို့ ဒီဇတ်လမ်းလေးနဲ့ ခပ်ဆင်ဆင် ကြော်ငြာတစ်ခု ကြည့်ဖူးသေးရဲ့ :)

      Like or Dislike: Thumb up 0 Thumb down 0

    4. သိပ်ကိုကောင်းတဲ့ ဇတ်လမ်းလေးတစ်ပုဒ်ပဲအစ်ကိုရေ့… အချစ်တွေ ရှင်သန်နေသ၍
      သေဆုံးခြင်း
      လမ်းခွဲသွားခြင်း
      နှုတ်ဆက်သွားခြင်း ..တွေ ဘယ်ရှိမလဲ အရေးသားကောင်းတွေ စောင့်မျှော်နေပါတယ်ဗျာ။

      Like or Dislike: Thumb up 0 Thumb down 0

    5. အရမ်းကောင်းပါတယ်။ ခံစားမှုအသစ်လေးကိုပေးနိုင်တယ်။
      ဆက်ပြီးကြိုးစားပါအစ်ကို………ညီမအားပေးနေပါတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    6. :) YOU START WITH " HAPPY ENDING " AND END WITH " ENDING GOODBYE KISS ", I DON'T KNOW WHETHER IT IS CALLED " HAPPY ENDING " ……

      YOU… CHEEKY MOUSE!!! :)

      I LOVE YOUR CREATIONS AS EVER & U.

      Like or Dislike: Thumb up 0 Thumb down 0

    7. တယောက်နဲ့တယောက် ချစ်တယ် ချစ်တယ်ပြောပြီး နာကျင်ခံစားရအောင် လုပ်နေကြတာတွေကိုပဲ ခဏခဏ မြင်နေရတဲ့ ဒီလောကကြီးမှာ တခါတလေ ဒီလိုဇာတ်လမ်းလေး ဖတ်လိုက်ရတာ စိတ်ကို ကြည်နူးစေပါတယ်။ ကျေးဇူးပါပဲ။ အရေးအသားကတော့ ထုံးစံအတိုင်း ကောင်းနေတာပါပဲ။ အားပေးနေပါတယ် မောင်လေးရေး)

      Like or Dislike: Thumb up 0 Thumb down 0

    8. အသေအချာကို ယုံကြည်ပါတယ်။ မေတ္တာတရားဆိုတာ အချိန်ကာလ နဲ့ နေရာဒေသ ဆိုတဲ့ ပညက်တွေ ဘယ်လိုမှ မတားဆီး မနှောက်ယှက်နိုင်တဲ့  အရာပါ။ စစ်မှန်တဲ့  မေတ္တာတရားကို တန်ဖိုးထားလေးစားမြတ်နိုးတတ်တဲ့ ဘဘကြီးနဲ့ သူ့ အမျိုးသမီးတို့  ကြားမှာ သေဆုံးသွားခြင်း၊ လမ်းခွဲသွားခြင်း၊ နှုတ်ဆက်သွားခြင်း ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။
      ကိုဘလက်ရေ.. အခုလို ရသမြောက်တဲ့  အက်ဆေးလေးတွေ ဖန်တီးပေးတဲ့  ဒီအိပ်မက်ကို မနက်ဖြန်တိုင်းအတွက် ဖက်တွယ်ထားနိုင်ပါစေ။

      Like or Dislike: Thumb up 0 Thumb down 0

    9. really romantic…..
      wanna come across such luv if it’s possible :)

      Like or Dislike: Thumb up 0 Thumb down 0

    10. အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးပါ….မောင်လေးရေ…( မအိ..)

      Like or Dislike: Thumb up 0 Thumb down 0

    11. အင်းပေါ့လေး.. Black Gyi ကခုတော့ Happy Ending post တွေရေးနိုင်ပီပေါ့… :P
      ဒါနဲ့ black ကောနှင်းဆီးပန်းဘယ်နှစ်ပွင့် ရှိသွားပီလဲ.. အပွင့်ပေါင်းရာကျော် အထိ နွဲနိုင်ပါစေကွယ်… :D :) :P

      Like or Dislike: Thumb up 0 Thumb down 0

    12. ဇာတ်လမ်းလေးက ရိုးရိုးလေးပေမယ့်
      ခံစားလို့ကောင်းတဲ့ အရေးအသားပါ။
      ကျွန်တော့်ရဲ့ ပျက်ကွက်မှုတွေအတွက်
      ရောက်တုန်း ပို့စ်တွေ တစ်နင့်ကြီး ဖတ်သွားပါတယ်။ လေးစားလျက်
      ဝင်းဇော်

      Like or Dislike: Thumb up 0 Thumb down 0

    13. အရမ်းလွမ်းစရာကောင်းတာပဲ။ ဖတ်ပြီးတော့လူကဆို့ နင့်နင့်ကြီးတောင်ဖြစ်သွားတယ်

      Like or Dislike: Thumb up 0 Thumb down 0

    14. ဟဲ..ဟဲ… မဲကြီးကတော့ လုပ်ချလိုက်ပြန်ဘီပေါ့လေ.. လန်တယ်နော်…အလန်ကြီးမှ အလန်ကြီးဟေ့….

      Like or Dislike: Thumb up 0 Thumb down 0

    15. Sorrrrry. Not working for me. Because I had guessed right how the ending would come out after finished reading a few sentences only in the beginning!
      dun mad at me for being straight forward!!! :P *Peace* :P

      Like or Dislike: Thumb up 0 Thumb down 0

    16. လာပြောတာနောက်ကျနေပြီ ငါကအရင်တိတ်တိတ်လေးလာဖတ်ပြီးပြီ ပြီးတော့ ထုံးစံအတိုင်းပဲ ဘာမှလာအာမခံမနေနဲ့ လျော်ကြေးပေးရမယ်

      Like or Dislike: Thumb up 0 Thumb down 0

    17. မင်းက စိတ်ကူးတင်ပြသည် ဆိုပေမဲ့
      ဖတ်ရတာတော့ နင့်နေတာပဲဟေ့ ….

      Like or Dislike: Thumb up 0 Thumb down 0

    18. ဘာပြောရမှန်းတောင်မသိတော့ဘူး
      ကောင်းလွန်းလို့..
      ဆက်ရေးဟာ
      အားပေးတယ်

      Like or Dislike: Thumb up 0 Thumb down 0

    19. မိုက်တယ်ဗျာ… အရေးကောင်းလှချည်လားဗျို့…။

      Like or Dislike: Thumb up 0 Thumb down 0

    20. တစ်ခါလာဖတ်ပြီးသွားပြီ။နောက်တစ်ခါပြန်လာဖတ်တယ်..
      အချစ်စစ် မေတ္တာစစ်တစ်ခုရဲ့သဘောလေးတွေ့မိသွားသလိုပဲ…
      အရမ်းကောင်းပါတယ်.. :)

      Like or Dislike: Thumb up 0 Thumb down 0

    21. လွမ်းစရာတွေ သိပ်မလုပ်နဲ့ကွာ။
      ဒီရင်ဘတ်ကြီးက ခံနိုင်ရည်သိပ်မရှိသေးဘူး။ :P

      Like or Dislike: Thumb up 0 Thumb down 0

    22. မပြောတော့ဘူးနော်။ ဘာပြောမလဲသိတယ်မလား။ :P ဘာဆေးတွေစားလို့ဒီလောက်တောင်အရေးအသားကောင်းနေပါလိမ့်။ :D

      Like or Dislike: Thumb up 0 Thumb down 0

    23. ရယူချင်း တပ်မက်ခြင်း ငြိတွယ်ခြင်း ဆုံးရှုံးခြင်း ဝေးကွာခြင်းမရှိတဲ့ တကယ့်အချစ်စစ်လေးပေါ့…. သဘောကျတယ်…

      Like or Dislike: Thumb up 0 Thumb down 0

    24. ဟင်း… !!!! သိပ်မိုက်တာပဲ… မဲကြီးရာ…….

      Like or Dislike: Thumb up 0 Thumb down 0

    25. အရေးအသားတွေ လန်းလှချည်လားး-)

      Like or Dislike: Thumb up 0 Thumb down 0

    26. အချစ်….အချစ်…..
      ဇာတ်လမ်းလေးကောင်းတယ်
      ခံစားမှုဟတ်ထိပဲဗျာ

      Like or Dislike: Thumb up 0 Thumb down 0

    27. Great Story.. ပဲ ညီရေ. အရမ်းကောင်းတဲ့ ၀တ္ထုလေးပဲ. :)

      Like or Dislike: Thumb up 0 Thumb down 0

    28. ဖတ်ရတာ လွမ်းစရာလေး.. ငြိမ်းငြိမ်းချမ်းချမ်းလေး ရှိတယ်ကွာ.. သူငယ်ချင်း ရန်ကုန်ရောက်ရင် အိပ်မက်စိုးစန်လား တာရာမဲဝေများ ဖြစ်မလားမသိဘူး။ တကယ်ပြောတာ.. နောက်တာ မဟုတ်ဘူး။

      Like or Dislike: Thumb up 0 Thumb down 0

    29. အရေးအသားတွေကတော့ ကောင်းလိုက်တာဗျာ

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply