ကျွန်တော်နှင့် သူမ (၂)

1 views
နှုတ်ဆက်တာခြင်း တူပေမယ့်
အနည်းဆုံးတော့
ဆုံဆည်းခြင်းအတွက်လား
ခွဲခွာမှုအတွက်လား ဆိုတာကိုတော့
ငါတို့ သိခွင့်ရှိသင့်တာပေါ့…..။ ။
BLACK DREAM

သူ ကွန်ပျူတာဖန်သားပြင်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်မှာ အချိန်အားဖြင့် အတော်ပင်ကြာ မြင့်ခဲ့ပြီဖြစ် ပါတယ်။ သူသည် ကွန်ပျူတာမျက်နှာပြင်အား အကြောင်းမဲ့ စူးစိုက်ကြည့်နေခြင်းတော့ မဟုတ်ပေ…။ အဖြစ် အပျက် တစ်စုံတစ်ခုအား မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားနေခဲ့ခြင်းဖြစ်သည်။ အတိအကျပြောရလျှင်တော့ ရုတ်တရက်ပေါ်ပေါက်လာမည့် တစ်စုံတစ်ယောက်ထံမှ တုန့်ပြန်မှုတစ်ခု အားစောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။ သူ့ကွန်ပျူတာ၏ Desktop တစ်ခုလုံးသည် အခြားသူများ၏ Desktop များနှင့်မတူ ထူးခြားစွာရှင်းလင်း အေး စက် နေလေသည်။ ထိုရှင်းလင်းမှုသည်လျှင် သူ့စိတ်ထဲတွင် ငွေ့ရည်ဖွဲ့နေသော မိမိကိုယ်ကိုလှည့်စားခြင်း အတွက် သင်္ကေတတစ်ခုဖြစ်နေနိုင်ပေသည်။ သူ့ရဲ့ရှင်းလင်း နေသော ကွန်ပျူတာဖန်သားပြင်ပေါ်တွင် တစ်ခုတည်းသော Program အား Run ထားသည်ကို ထင်ရှားစွာတွေ့မြင်နိုင်ပေသည်။ Gtalk ဟုခေါ်သော ဆက်သွယ်ရေး Software အမျိုးအစားလေးတစ်ခု သို့မဟုတ် သူနှင့်သူမတို့နေ့စဉ် ဆုံတွေ့ကြရာ ကိုယ်ပိုင်လောကငယ်လေးတစ်ခုပင် ဖြစ်လေသည်။ ထိုနှစ်ယောက်ထဲ တည်ဆောက်ထားသော ကမ္ဘာလေး သည် အချိန်ကာလ၊ နေရာဒေသ အစရှိသော ပညတ်ချက်အားလုံးတို့မှ ဝေးကွာလှသော နေရာတွင် တည်ရှိ နေပေသည်။

သူခေါင်းထဲတွင် တစ်စက္ကန့် သို့မဟုတ် စက္ကန့်တစ်ခုထက်သေးငယ်လှသော အချိန်ကာလတစ်ခု အတွင်း ဖြတ်သန်း စီးဆင်းသွားသော အတွေးများမှာ လွန်စွာမှများပြားလှပေသည်။ “ ဘာကြောင့်များလဲ?” ဆိုသော အတွေးများသည် ထိုဖြတ်သန်းသွားသောအတွေးများ၏ ရာခိုင်နှုန်းတော်တော်များများကို သိမ်းပိုက်ထား လေသည်။ “ဘာကြောင့်များ သူမ, သူ့ကိုနှုတ်မဆက်သနည်း?” တစ်ခုတည်းသာ Run ထားသော ထို Gtalk လေးထဲတွင်လည်း သူမမှတခြား မည်သူမှမရှိပေ။ သူ့တစ်သက်တာ ရှုသွင်းခဲ့ရသော အရေအတွက်များနှင့် ညီမျှသည့် ၀င်သက်ထွက်သက်များလောက် တန်ဖိုးထားရသော သူအလွန်တရာမှ မြတ်နိုးလှသည့် သူမ၏နာမည်လေးသည် အစိမ်းရောင် ပန်းပွင့်လေးတစ်ခုအား ပန်ဆင်ကာ သူနှင့်သူမတို့ တွေ့ဆုံနေကြ နေရာလေးသို့ ရောက်ရှိနေပြီ ဖြစ်ပါလျှက် အဘယ်ကြောင့် သူ့အား စတင်မနှုတ်ဆက်သနည်း?

သူနှင့်သူမကြားတွင် နှစ်ဦးသဘောတူ ဖန်တီးထားသော ကစားပွဲလေးတစ်ခုရှိသည်။ ထိုဆုံတွေ့ရာ နေရာလေးတွင် နှစ်ဦးဆုံတွေ့မိပြီဆိုပါက မည်သူက အရင်ဦးအောင်နှုတ်ဆက်နိုင်သလဲ ဆိုတာပါဘဲ။ အစပိုင်းတွင်တော့ စာရိုက်တာလျှင်မြန်သော သူကပင် အမြဲဦးအောင်နှုတ်ဆက် အနိုင်ယူနိုင်ခဲ့သည်။ ထိုအခါများတွင် သူမသည် ကလေးတစ်ယောက်ကဲ့သို့ မပြီးနိုင်မစီးနိုင်နှင့် မကျေမနပ်ဖြစ်ကာ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေလေ့ရှိပါသည်။ ထို့ကြောင့်ပင် နောက်ပိုင်းတွင် သူသည် သူမအားစတွေ့သည့်တိုင် မည်သည့်အခါမှ စတင်နှုတ်မဆက်ပဲ သူမဘက်က စတင်နှုတ်ဆက်တာကို တမင်စောင့်ဆိုင်းကာပင် မသိမသာ သူမအားအနိုင်ပေးခဲ့ရာမှ သူနှင့်သူမတို့ကြားတွင် သူမဘက်က သာစတင်နှုတ်ဆက်သော အလေ့အကျင့်လေး တစ်ခု မသိမသာ ဖြစ်တည်လာခဲ့လေသည်။ သူမသည် စတင်နှုတ်ဆက်ခွင့်ရခြင်းဟူသော အရာအား အတော်ပင်မြတ်နိုးခဲ့ပုံရပေသည်။

မိမိကိုယ်ကို
အကောင်းဆုံးလှည့်စားနိုင်သော လူတစ်ယောက်သည်
ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး
မျက်လှည့်ဆရာ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ။
BLACK DREAM

သူအတိတ်ကာလက အတွေးတွေကို လက်စဖြတ်လိုက်သည်။ “အာ…သူဘာဖြစ်နေလဲမသိဘူး? သူနှုတ်မဆက် လည်း ငါပဲလှမ်းခေါ်လိုက်တော့မယ်” ဟူသော အတွေးနှင့်အတူ သူ့လက်ချောင်းများသည် သူမအားစတင် စကားပြောဆိုရန်အတွက် လျှင်မြန်စွာ လှုပ်ရှားလိုက်လေသည်။ “ဟင်! ဘာဖြစ် တာလဲမသိဘူး…။ ဘာမှလည်း ရေးလို့မရပါလား?” သူ, သူမအား စကားပြောရန်အတွက် Chat Box ပေါ်လာစေရန် သူမနာမည်အား Click လုပ်သော်လည်း မည်သည့် Chat Box မှပေါ်လာခြင်းမရှိပေ။ သူ့အတွေးများ အနည်းငယ်ရှုပ်ထွေးသွားသည်။ ထို့အတူ သူမအပေါ်ပူပန်မှုများလည်း တစ်ချိန်ထဲတွင်ပင် ပေါ်ပေါက်လာသည်။ “ ငါ့စက်ထဲ Virus များဝင်နေ လား…? သူလည်း ငါ့လိုပဲဖြစ်နေလို့ ငါ့ကို စပြီး နှုတ်ဆက်လို့မရတာလား…?” စသည့်မေးခွန်းပေါင်းများစွာ သူ့အတွေးထဲ အဆက်မပြတ် ရွာချလေသည်။ သူတစ်ယောက်ထဲ တော်တော်အလုပ်ရှုပ်သွားသည်။ ချမ်းအေး လှသော ရာသီဥတုအား ဂရုမပြုသည့်အလား သူ့မျက်နှာပြင်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ဇောချွေးတွေ ပြန်လာလေသည်။ သူ, သူမ အားခေါ်ဆိုနိုင်ဖို့အတွက် နည်းမျိုးစုံကြိုးစားသည်။ မည်သို့မျှ ထူးခြားလာခြင်း မရှိပေ…။ သူကြိုးစားသည်…။ မရ…။ ထပ်ကြိုးစားသည်…။ သို့ဖြင့်…။ ထိုသို့ဖြင့်…။

အချိန်တို့သည် နာရီပေါ်ရှိ လမ်းကြောင်းတစ်လျှောက် လားရာအတိုင်း လူသားတို့အား ဆက်လက်လှည့်စားဖို့ အလို့ငှာ ခရီးဆက် ကြလေသည်…။ တစ်စက္ကန့်…။ တစ်မိနစ်….။ တစ်နာရီ…။ … အချိန်တွေ မည်မျှကြာသွား သည်ကို သူမသိလိုက်ပေ…။

“သူငယ်ချင်း…။” ဘယ်အချိန်ကတည်းက သူ့နောက်ရောက်နေမှန်းမသိသော သူ့ရဲ့အချစ်ဆုံး ငယ်သူငယ်ချင်း သူရရဲ့ အသံကြားမှပင် သူရ ရောက်နေမှန်း သူ သတိထားမိတော့သည်။ “ဟာ..အေး! မင်းရောက်လာတာနဲ့ အတော်ပဲ။ ငါ့ကွန်ပျူတာ ဘာဖြစ်နေလဲမသိဘူးကွာ..။ Gtalk က ဘယ်လိုမှ သုံးလို့မရဘူး..။ ငါ ဖြူနဲ့စကား ပြောမလို့ကွ…။ သူအွန်လိုင်းရောက်နေတာကြာပြီ…။ ငါ့ကိုတောင် စိတ်တိုနေပြီလားမသိဘူး…။ င့ါစက် Virus များဝင်နေလားမသိဘူးကွာ..။ နဲနဲကြည့်ပေးပါအုံး။ ငါသူနဲ့ အရေးတကြီး ပြောစရာတွေရှိတယ်ကွ…။ သူငါ့ကို မနေ့က မအောက်ခင် ပြောသွားတယ် ဒီနေ့အရေးတကြီး ပြောစရာ တစ်ခုရှိတယ်တဲ့…။ ပြီးတော့လေ…။ ပြီးတော့…ဟဲ..ဟဲ..။ ငါသူ့ကို လွမ်းလှပြီကွ..။ လုပ်တတ်ရင် နဲနဲလောက်ကြည့်ပေးစမ်းပါအုံးကွာ..။ ငါလည်း ပညာကုန်နေပြီ…။ ဘာမှလည်း လုပ်လို့မရဘူး…။ ကူညီပါကွာ သူငယ်ချင်းရာ…။ ငါ ဖြူနဲ့မင်္ဂလာဆောင်ရင် မင်းကို Reserve ၀ိုင်းမှာ တစ်ယောက်ထဲ သီးသန့်ပြုစုပါ့မယ်ကွာ..။ ကလေးတွေမွေးလာရင်လည်း မင်းကိုပဲ တစ်သက်လုံး ထိန်းခိုင်းမယ် မပူနဲ့..။ ဟဲ..ဟဲ။ အခုတော့ ငါ့ကိုကူညီပါကွာ…။ ငါသူနဲ့ စကားပြောချင် လှပြီကွ။ သူလည်း ငါ့လိုပဲ ဖြစ်နေလို့ခေါ်လို့မရတာလား မသိဘူး..။ လုပ်….လုပ်ပါကွာ သူငယ်ချင်းရာ…ကူညီပါ။”

သူရ ဘာမှပြန်မပြောပေ။ သူ့ရဲ့ချစ်လှစွာသော သူငယ်ချင်း ရဲရင့်ရဲ့ မျက်ဝန်းများကိုသာ သတိကြီးစွာဖြင့် စူးစိုက်ကြည့်နေခဲ့ မိလေသည်။ သူ့စိတ်ထင်မမှားဘူးဆိုလျှင် မကြာခင် သူ့သူငယ်ချင်း၏ မျက်ဝန်းတွင်…။ သူ့သူငယ်ချင်း၏ မျက်ဝန်းတွင်….။ ထိုမျက်ဝန်းများတွင်… သူရခေါင်းကို ဖြေးညှင်းစွာခါရမ်းလိုက်သည်။ ရဲရင့်က တော့ သူရ၏အပြုအမူများကို မည်သို့မျှ သတိထားမိပုံမရပေ။ သူ့ကွန်ပျူတာတစ်လုံးနှင့်သူ ဖြစ်ချင်တိုင်း ဖြစ်နေတော့သည်။ “ သြော်..မင်းလို ကွန်ပျူတာအကြောင်း ထုံးလိုကြေ ရေလိုနှောက် သိတဲ့သူကတောင် မတတ်နိုင်တော့တာ ငါက ဘယ်လိုကူညီ နိုင်မှာလဲ သူငယ်ချင်းရာ..။ အေးပေါ့ကွာ…။ မင်းက မင်းဘ၀တစ်လျောက်လုံး ကွန်ပျူတာအကြောင်းတစ်ခုထဲကို ပဲသိခဲ့တာကိုး…။” ဟုသာ ရဲရင့်အား ပြောလိုက်ချင်သည်။ သို့သော် သူမပြောရက် စိတ်ထဲတွင်သာ ရေရွတ်နေမိလေသည်။ တကယ်တမ်းသူ့နှုတ်က ထွက်သွားသော စကားမှာ…။

သူ ရဲရင့်အား လွန်ခဲ့သော ၃ နှစ်လောက်ကတည်းကပင် မရေမတွက်နိုင်အောင် ပြောခဲ့သော အပ်ကြောင်း ထပ်နေသော စကားတစ်ခွန်းသာ ဖြစ်လေသည်။

“ရဲရင့်…။ သူငယ်ချင်း….။ ဘယ်လိုလုပ် မင်းသူ့ကိုစကားပြောလို့ရမလဲကွာ…။ သူကရောမင်းကို ဘယ်လို လုပ်ပြီး စကားပြောလို့ရမှာလဲ။ မင်းကိုယ့်ကိုယ်ကိုလှည့်စားနေတာကို ရပ်သင့်ပြီလို့ ငါထင်တယ်။ မင်း, “ဖြူ” အွန်လိုင်းမှာ ရှိခဲ့တုန်းက Print Screen ရိုက်ပြီး တင်ထားတဲ့ ဒီ Deskstop Background ကိုပြောင်းလိုက် ပါတော့ကွာ…..။

မနက်ဖြန်ဆိုတာရှိနေသမျှ
ငါကတော့…
ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာပဲ…။ ။
BLACK DREAM

p.s- တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်ပေးကြပါရန်။ ။

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...

About this entry