• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ချစ်လှစွာသော…..ဇရာ

    May 4 , 2008 | 199 views
    သူ့ကိုသူ မှန်ထဲတွင် တော်တော်ကြာကြာကြီးကို သေသေချာ စိုက်ကြည့်နေလိုက်မိသည်…။ ဦးခေါင်းထက်တွင် နှစ်ပေါင်းများစွာ တိုက်စားမှု အမျိုးမျိုးကြောင့် ဖြူစွတ်နေပြီဖြစ်တဲ့ သူ့ရဲ့ ဆံပင်များကို သူပထမဆုံး သတိ ထားမိလိုက်ပါတယ်…။ တစ်ချိန်တုန်းက ဆီလိမ်းဖို့ မလိုလောက်အောင် နက်မှောင် ပျော့ပျောင်းနေခဲ့တဲ့ သူ့ရဲ့ ဆံစတွေဟာ အခုအခါမှာတော့ လောကကြီးအား လက်နက်ချလိုခြင်း ကြောင့်လော၊ သူ့ရဲ့ခန္ဓာကိုတွင်း ဇီဝဖောက်ပြန်မှုများကြောင့်လော ဒါမှမဟုတ် တရားဓမ္မကြောင့် ငြိမ်းချမ်းနေပြီ ဖြစ်သော သူ့စိတ်အစဉ်ရဲ့ ဖြူစင် လာမှုတွေကို သက်သေထူသည့်အနေနှင့်လောမသိ အဖြူရောင် သင်္ကတတွေဖြင့် သူ့ဦးခေါင်းထက်တွင် ငြိမ်းချမ်းစွာ လှဲလျောင်း နေပြီဖြစ်ပါတယ်…။ တစ်ချိန်က ဒီဆံစတွေကို မကြာခဏနမ်းရှိုက်ခဲ့ဖူးသော၊ နူးညံ့လှပ သော လက်ချောင်းများနှင့် ယုယစွာ ဖြီးသင်ပေးခဲ့ဖူးသော သူမသည်လည်း အခုဆို သူ့အားဦးစွာစွန့်ခွာ သွားခဲ့ သည်မှာ ၅ နှစ်ပင်ကျော် ခဲ့ပါပြီ…။

    ဆံစတွေရဲ့ အောက်မှာတော့ သူဘ၀တစ်လျောက်မှာ ဖြတ်သန်းခဲ့တဲ့လမ်းများကို ကိုယ်စားပြုနေသည့် အလား မရေမတွက်နိုင်တဲ့ အကြောင်းလေးများက ထင်းနေပါတယ်…။ မဟုတ်ဘူး…။ သူပြန်စဉ်းစား မိသည်..။ ဒါတွေ ဟာ သူ့ဘ၀တစ်လျောက် မကြာခဏ ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးတဲ့ တွန့်ဆုတ်ခဲ့မှုတွေကို သက်သေပြနေတာ လည်း ဖြစ်နိုင်တယ်…။ ဒါကြောင့်လည်း ဒီအကြောင်းလေးတွေဟာ ဖြောင့်တန်းမနေပဲ တွန့်ကောက် နေတာပေါ့…။ သေသေချာချာထပ်စဉ်းစားတော့ အဖြေကမရေမရာ…။ တွန့်ဆုတ်ခဲ့မှုတွေကြောင့်လို့ချည်း ပြောရအောင် သူလျှောက်ခဲ့တဲ့ လမ်းတွေကရော အမြဲဖြောင့်တန်းပြီး အဆင်ပြေ ချောမွေ့ခဲ့လို့လား…။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလမ်းတွေကို သူလျောက်ခဲ့ဖူးတာရော…။ အကြိမ်ပေါင်းများစွာ သူတွန့်ဆုတ်ခဲ့ဖူးတာ တွေရော… အရာအားလုံးသည် သူ့အတွက်တော့ အမှန်တရားများသာ ဖြစ်ပါတယ်…။ အဲ့ဒီလမ်းတွေပေါ်မှာ သူ လူပေါင်းများစွာနဲ့ ဆုံဆည်းခဲ့ဖူးပါတယ်…။ မပြည့်စုံသေးပါဘူး…။ ဟုတ်တယ်…။ လူပေါင်းများစွာနဲ့လည်း ခွဲခွာခဲ့ဖူးတယ်…။ တစ်ချို့ကို သူကခွဲခွာခဲ့ တယ်…။ တစ်ချို့က သူ့ကိုခွဲခွာခဲ့တယ်…။ အဲ့ဒီခွဲခွာခဲ့တဲ့ သူတွေထဲမှာ မှ သူ့အတွေးတွေထဲမှာ ထာဝရ ရှင်သန်နေခဲ့တာကတော့ သူမတစ်ယောက်ထဲပါ…။

    သူမှန်ကို ကြည့်သာကြည့်နေရသည် သူ့အမြင်တွေဟာ ပုံမှန်တော့ ဖြစ်မနေခဲ့ပါ…။ အရာရာဟာ ပြတ်ပြတ် သားသားမရှိေ၀၀ါးဝါးသာ ဖြစ်နေခဲ့ပါတယ်…။ သူ့ရဲ့အမြင်အာရုံတွေက သူ့ရဲ့အသိစိတ်ကို ကောင်းကောင်း ပုံ ဖော်ပြမနေနိုင်တော့ပေမယ့်…။ သူ့ရဲ့ အသိစိတ်တွေနဲ့ မသိစိတ်တွေကတော့ သူ့ရဲ့ အာရုံတွေကို ကောင်း ကောင်း ပုံဖော်နေနိုင်ပါသေးတယ်…။ ခန္ဓာသည် အချိန်နှင့် လိုက်လျောညီထွေသော ဖွဲ့စည်း ဖြစ်တည်မှုကို သဘာဝအလျောက် ပေးလေသည်။ ဒီမျက်ဝန်းများသည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်သည့် အရာများကို မြင်ခဲ့ပြီးပြီဖြစ်သည်။ တစ်ခါတစ်လေ ကြည်နူးပျော်ရွှင်ဖွယ်ရာများ၊ တစ်ခါတစ်လေတွင်တော့ လောကရဲ့ မတရားမှုများနှင့် အနိဌာရုံများ…။ သေချာတာတစ်ခုကတော့ ဒီအရာတွေအားလုံးကို သူမကြည့်ခဲ့ပါ…။ သို့သော်…။ သူမြင်ခဲ့ရပါတယ်…။ တစ်ချို့အရာတွေ ကိုသူကိုယ်တိုင် တကူးတက အပင်ပန်းခံရှာဖွေပြီး ကြည့်ရှု ခဲ့ဖူးပါတယ်…။ ဒါပေမယ့် တစ်ချို့အရာတွေကတော့ သူမကြည့်ချင် မမြင်ချင်ပါပဲနဲ့ သူ့ရှေ့ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့လို့ သူမြင်ခဲ့ရ ဖူးပါတယ်…။ ဘာပဲ ဖြစ်ဖြစ်အခုအချိန်မှာတော့ ဇရာက သူ့အား… မမြင် သင့်တာတွေ၊ လောကရဲ့ အနိဌာရုံတွေအား မမြင်ရလေအောင် သူ့အမြင်အာရုံတွေကို သဘာဝအလျောက်ေ၀၀ါး စေခဲ့ပါပြီ…။ ဒါပေမယ့် သူ့အမြင်တွေထဲတွင် ဘယ်တော့မှေ၀၀ါးမသွားနိုင်တ

ဲ့ ပုံရိပ်တစ်ခုကတော့….။ သူမ…..။

    အမြင်အာရုံတွေတင် မကတော့ပါ…။ သူ့ရဲ့အကြားအာရုံတွေဟာလည်း အခုဆိုလျင် အားနည်းစပြု လာပြီ ဖြစ်ပါတယ်…။ ကောင်းပါတယ်လေ…။ လောကရဲ့ ငိုကြွေးသံတွေ၊ လောကဓံရဲ့ စိန်ခေါ်သံတွေ အရင်ကထက် ကြားရတာ ပိုနည်းသွားတာပေါ့…။ အင်း… အသံ ၂ ခုကလွဲရင်ပေါ့လေ…။ ပထမ အသံကတော့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် မည်သည့်အခါကမှ ရိုးသွားခြင်းမရှိတဲ့ နူးညံ့သော၊ နွေးထွေးသော ဂရုစိုက်မှုတွေ၊ နွေးထွေး မှုတွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့အသံပေါ့…။ ဒီအသံကတော့ သူ့ရဲ့ စိတ်အစဉ်ကို လွန်လေပြီးသော နှစ်ပေါင်း များစွာကအတိုင်း ငြိမ့်ညောင်းစေဆဲ၊ သာယာစေဆဲပါ။ ဒုတိယအသံ….။ ဒီအသံကတော့ အခြားသော အသံတွေ တိုးတိုးသွားသည်နှင့်အမျှ အဲဒီ့ ဒုတိယအသံ ကပိုပို ကျယ်လောင်လာခဲ့သလို…။ ကြားနေရတဲ့ အကြိမ်အရေ အတွက်ကလည်း အရင်ကထက် ပိုမိုများလာခဲ့ပြီကို သူကောင်းကောင်း သတိထားမိခဲ့ပါတယ်…။ သူပြုံးမိသည်… ဒီအသံသည် အခြားသူများ အတွက်တော့မသိ…။ သူ့အတွက်တော့ ဒီအသံကို ပြုံးပြီးကြားနိုင်သည့် ခံနိုင်ရည်နှင့် ပြင်ဆင်မှု အပြည့်ရှိနေခဲ့ပြီ ဖြစ်သည်…။ သေခြင်းတစ်ရားရဲ့ ခေါ်သံသည် သူ့အတွက်တော့ ဓမ္မဥဒေါင်းမှ တွန်ကျူး လိုက်သော အိုးဝေသံများပင် ဖြစ်ပါတော့သည်…။

    သူမှန်ရှေ့မှ ထွက်ခွာလိုက်ပြီး အိပ်ယာပေါ်တွင်လှဲလျောင်းကာ မျက်စိများကို မှိတ်ထားမိလိုက်ပါတယ်။ သူနှစ် ပေါင်းများစွာကတည်းက သိထားခဲ့ပြီးသော အသိတရား တစ်ခုဖြစ်ပါတယ်…။ လောကရဲ့ အချို့သောအရာများ သည် မျက်လုံးများကို ခေတ္တဖြစ်ဖြစ် မှိတ်ထားမှသာလျှင် မြင်နိုင်စွမ်းရှိပါသည်…။

    သူ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသည့် မိမိကိုယ်ကို ပြန်လည်စမ်းစစ်မှုကို ပြုလုပ်နေမိပါတယ်…။ သူသည် လည်း ပုထုဇဉ် လူသားတစ်ယောက် ဖြစ်ခဲ့သည့်အတွက် မည်သို့မျှ အမှားများနှင့် မကင်းနိုင်ခဲ့ပါ။ ရှစ်ပါးထက် မပိုသော လောကဓံလှိုင်းများပေါ်တွင်လည်း နိမ့်လိုက်မြင့်လိုက်၊ တက်လိုက်ကျလိုက်ဖြင့် သူစီးနှင်းလိုက်ပါခဲ့ဖူးပြီ ဖြစ်ပါတယ်…။ တကယ်တော့ လောကဓံတရားဟာ ကောင်းခြင်းလေးမျိုး၊ မကောင်းခြင်းလေးမျိုးဖြစ် ဖွဲ့စည်း ထားခြင်းပါ…။ လောကအား မည်သည့်အကြောင်းနှင့်မှ မည်တွန်တောက်တီး အပြစ်ဆိုနေစရာ အကြောင်း မရှိပါ။ ၄ ပါးစီရှိသော လောကဓံပေါ်တွင် မိမိကိုယ်ကို ဘက်ညီမျှတစွာ ရပ်နိုင်အောင် ကြိုးစားဖို့သာ လိုပါသည်။ မည်သို့ပင်ဖြစ်စေ လောကကြီးသည် သက်ရှိ၊ သက်မဲ့အားလုံးအတွက် တရားမျှတစွာ စီစဉ်ပေးထားပြီးသား ဖြစ်ပါတယ်…။ သူကြွေးဟောင်းများကို လည်းတတ်နိုင်သလောက် ကြိုးစားဆပ်ခဲ့သလို…။ ကြွေးသစ်များကို လည်း တာဝန်ကျေပွန်စွာ ဖန်တီးပေးခဲ့ပြီးပါပြီ…။ သူ့ဘ၀တစ်လျှောက် တတ်နိုင်သမျှ အတ္တဟိတနှင့် ပရဟိတ ကို သမာအာဇီဝနည်းဖြင့် ဖြည့်ဆည်းခဲ့ပြီးလဲ ဖြစ်ပါတယ်….။

    သူတွေးလက်စ အတွေးအားလုံးကို ရပ်တန့်လိုက်ပြီး ကုတင်ဘေးက ခုံပေါ်တွင်တင်ထားတဲ့ စီးကရက်နှင့် မီးခြစ်ကိုလှမ်းယူပြီး မီးညှိလိုက်ပါတယ်…။ နီကိုဒင်းများကို ခန္ဓာကိုယ်အတွင်းသို့ တယုတယ ရှိုက်သွင်းကာ သိမ်းဆည်းရင်း သူ့ကိုယ်သူ စကားတစ်ခွန်း ခပ်တိုးတိုးပြောလိုက်မိပါတယ်…။

    “မင်းသော်….. မင်းဆေးလိပ်ဖြတ်မှ ဖြစ်တော့မယ်”

    p.s- ဒီနေ့ (မေလ ၅ ရက်) နေ့မှာကျရောက်တဲ့ ကျွန်တော်ချစ်သော အဖိုးရဲ့မွေးနေ့ အမှတ်တရ ဖြစ်ပါတယ်။

    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    8 Responses to “ချစ်လှစွာသော…..ဇရာ”

    1. ” HAPPY BIRTHDAY PAR PHO PHO “

      THIS POST IS ONE OF MY FAVOURATE

      LOVED IT !!! LOVED IT !!! LOVED IT !!!

      REALLY TOUCH ALL THE WORDS WITH HIGH-LIGHTED……

      IT IS SO BEAUTIFUL TO ME……..

      Like or Dislike: Thumb up 0 Thumb down 0

    2. ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ ဦးမင်းသော် … ခင်ဗျာ :)
      သံသရာ အတွက် ကိလေသာတွေ ဖြတ်နိုင်ဖို့ ဆေးလိပ်က စ ဖြတ် လိုက်ပါ စို့ ခင်ဗျာ …

      Like or Dislike: Thumb up 0 Thumb down 0

    3. ဖတ်ရဒါ တကယ်ကောင်းတယ်။ စာကးလုံး သုံးနှူံးပုံက ထိမိတယ်.. စကားလုံးတိုင်းက တွေးစရာတွေပေး နေတယ်..I like it. ဪ…..ဇရာ..ဇရာ…….

      Like or Dislike: Thumb up 0 Thumb down 0

    4. အရေးအသားတွေလန်ထွက်နေတာပဲဗျာ..

      Like or Dislike: Thumb up 0 Thumb down 0

    5. အဖိုးရဲ့ မွေးနေ့ မှန်း အောက်ဆုံးရောက်မှပဲ သိတော့တယ်ဗျာ အရေးသားကကောင်းလွန်းတော့ ဇတ်ထဲမှာ မျောသွားတယ်း) ။
      HaPpy Birthday ပါ ဖိုးဖိုးမင်းသော်………..။
      အားပေးလျှက်း)

      Like or Dislike: Thumb up 0 Thumb down 0

    6. Inn A Hpo htet kg` de History twe yae ning de tu hpyit bar zaeee..

      Like or Dislike: Thumb up 0 Thumb down 0

    7. ငါက ၀တ္ထုတိုမှတ်လို့ ဖတ်နေတာ အဖိုးမွေးနေ့ကိုး….
      “Happy Birthday!” ပါဗျာ………

      Like or Dislike: Thumb up 0 Thumb down 0

    8. ဖတ်ပြီး တွေးစရာတွေ ရသွားပါတယ်။ “လောကရဲ့ အချို့သော အရာများသည် မျက်လုံးများကို ခေတ္တဖြစ်ဖြစ် မှိတ်ထားမှသာလျှင် မြင်နိုင်စွမ်းရှိပါသည်…။” ဆိုတာကို တော်တော် သဘောကျမိပါတယ်။ မောင်လေးရဲ့အဖိုး ဦးမင်းသော် အသက်ရှည် ကျန်းမာပါစေ။ ဆေးလိပ်လည်း မြန်မြန် ဖြတ်နိုင်ပါစေး)

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply