ထွက်ခွာချိန်…

568 views

နှုတ်ဆက်တာခြင်း တူပေမယ့်

အနဲဆုံးတော့ ဆုံစည်းဖို့အတွက်လား…

ခွဲခွဖို့အတွက်လား…. ဆိုတာကိုတော့ သိသင့်တာပေါ့….

BLACK DREAM (ကျွန်တော်နှင့် သူမ မှ)

တစ်ခါတစ်ရံ အရမ်းထူးဆန်းတယ်လို့ မထင်မိကြဘူးလား…? အချိန်တွေဟာ တစ်ခါတစ်လေမှာ အကုန်မြန်ပြီး…။ တစ်ခါတစ်လေကြတော့ ကြာရှည်လွန်းလှတဲ့ အကြောင်းကိုလေ…။ အိုင်းစတိုင်းက Relativity Theory ရဲ့ သဘောလို့ ပြောခဲ့ဖူးတယ်…။ သူပြောတာလည်း ဖြစ်နိုင်ပါတယ်…။ ဘာပဲ ဖြစ်ဖြစ် အချိန်ဆိုတာဟာလည်း ပညတ်တစ်ခုပဲ ဖြစ်တဲ့အတွက်…။ အမြဲတမ်းတော့ ဘယ်မှန်နိုင်ပါ့မလဲ…။ တကယ်တမ်းဆိုရင်တော့ အချိန်က မြန်သွားလိုက် နှေးသွားလိုက် ဖြစ်နေတာ ကျွန်တော်တို့ရဲ့ စိတ်ကြောင့်ဆိုတာ အားလုံးသိကြပါတယ်…။ စိတ်ဆိုတာ တကယ်တမ်းကြတော့ အချိန်ကိုတောင် မြန်တယ် နှေးတယ်လို့ ထင်ရလောက်အောင်တောင် စွမ်းဆောင်နိုင်အား ကြီးမားလှတာ တကယ်ကို အံ့သြစရာပါ…။ အခု ကျွန်တော်လည်း အဲ့ဒီ့အချိန် မျက်လှည့်ထဲမှာ ရောက်ရှိလို့နေပေါ့…။

တစ်ချိန်ကတော့ ၄ နှစ်ဆိုတဲ့ ကာလကြီးကို ငါဘယ်လိုများကျော်ဖြတ်ရပါ့မလဲလို့ တံတားဦးလေဆိပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးအရှေ့မှာ တားထားတဲ့ စည်းအ၀ါလေးကို ဖြတ်တုန်းက စဉ်းစားခဲ့ဖူးတယ်…။ အဲ့ဒီ့စည်းဝါလေးရဲ့ နောက်ကို ကျွန်တော်ချစ်တဲ့ မိသားစုတွေ သူငယ်ချင်းတွေ လိုက်မလာနိုင်တော့သလို…။ ကျွန်တော်ကိုယ်တိုင် လည်း အဲ့ဒီ့ စည်းဝါလေးကိုကျော်ပြီး မိသားစုတွေရှိတဲ့နေရာကို ပြန်သွားလို့ မရတော့ဘူးလေ…။ ဟုတ်တယ်…။ ကျွန်တော် ဒီကာလတွေကို ဘယ်လိုကျော်ဖြတ်မလဲ လို့ တကယ်ပဲ စဉ်းစားခဲ့ဖူးပါတယ်…။ ဒါဟာ စွန့်စားခန်းတစ်ခုရဲ့ အစ…။ ဘ၀တစ်ခုရဲ့ တစ်ဆစ်ချိုး…။ ကံကြမ္မာတစ်ခုရဲ့ ဒီရေတက်ချိန်…။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် အဲ့ဒီ့ စည်းအ၀ါလေးကို အသာအယာပဲ ဖြတ်ကျော်ပြီး…။ နှင်းတွေဝေနေအောင် လှသလို…။ အေးစက်မှုတွေနဲ့ ပြည့်ဝနေတဲ့ ၄ နှစ်တာ အချိန်စက်ဝန်းတစ် ခုထဲ ကို ၀င်ရောက်လိုက်ပါတယ်…။

ရုပ်ဝတ္ထုတွေ ဖူးပွင့်နေတဲ့ အဲ့ဒီ့ နှင်းပင်ကြီးဟာ ကျွန်တော်တို့လို မေတ္တာမိုးခေါင်ခံရတဲ့ သူအတွက်တော့ မြောင်းထဲက ရေစက်တစ်စက်လောက်၏ နှစ်သိမ့်မှုမျိုး..။ ပိုးစုန်းကြူတစ်ကောင်က ထုတ်လွတ်လိုက်တဲ့ အလင်းကြောင့် ဖြစ်လာတဲ့ နွေးထွေးမှုလေးလောက်တောင် မပေးနိုင်ခဲ့ပါဘူး…။ ဒီလိုနဲ့ တစ်ခါတစ်လေ နှင်းတောတွေ ထဲမှာ မျက်ရည်လည်တော့…။ မျက်ခမ်းစမှာတင် အေးခဲလို့….။ စီးဆင်းခွင့်တောင် မရခဲ့ဖူးလေ…။

ဒီလိုနဲ့ ကျွန်တော်တို့နဲ့နှင်းတွေနဲ့….။ နှင်းတွေနဲ့ ကျွန်တော်တို့နဲ့ အပြိုင်ဆိုင်စစ်ခင်းလိုက်ကြတာ…။ ကျွန်တော်တို့ရဲ့ တိုက်ပွဲဟာ ပြီးဆုံးခဲ့ပြီပေါ့…။  အနိုင်တွေ မရှိခဲ့ဖူး…။ အရှုံးတွေ မရှိခဲ့ဖူး..။ စစ်ပြေငြိမ်းခြင်းတွေမရှိခဲ့ဖူး…။ ခင်ဗျားအံ့သြ ပါလိ့မ်မယ်…။ ကျွန်တော်တို့ စစ်ပွဲဟာ နွေးထွေးတဲ့ ငြိမ်းချမ်းရေးတစ်ခုနဲ့ မိတ်ကောင်း ဆွေကောင်းတွေ အဖြစ် စီးဆင်းလို့…။ ဒီနှင်းပင်ကြီးက မျက်ရည်တွေ ဖြိုင်ဖြိုင်ကျတဲ့အခါကြတော့လည်း…။ လမ်းမတစ်လျှောက် ရော်ရွက်တို့ရဲ့ ရွှေအိုရောင်လေး တွေ ၀ါလို့…။ ထိန်လို့…။ လေဆိပ်အထိ လမ်းခင်းပေးရင်း နှုတ်ဆက်ကြလေမလား…။ “ထာဝရအတွက် နှုတ်ဆက်ပါတယ်” လို့ပြောတော့ ကျွန်တော်တို့ နှင်းပင်ကြီးအောက်မှာ ရှိနေခဲ့သမျှ ကာလအတွင်း ခံနိုင်ရည်တွေရှိအောင်၊ အခက်အခဲတွေ ရင်ဆိုင်တတ်အောင်၊ အလင်းရောင်ကို ကိုယ်တိုင်ဖန်တီးတတ်အောင် အနွေးဓာတ်ကို ကိုယ်တိုင် စိုက်ပျိုးတတ်အောင်…။ သင်ကြားပေးခဲ့တဲ့ ဆရာမရဲ့ ပါးမှာ မျက်ရည်စတွေနဲ့ပေါ့….။ ကျွန်တော်ပြန်မလေပြောခဲ့ပါဘူး…။ “ထာဝရ နှုတ်ဆက်ပါ တယ် ဆရာမရယ်…” လို့လေ…။

Read the rest of this entry »

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (2 votes, average: 5.00 out of 5)
Loading ... Loading ...
Posted at 10am on 07/16/10 | 12 comments | Filed Under: Event, Personal
Tags:

သို့… ဟန်နီ

438 views

အိပ်မက်တွေက သဲသဲမဲမဲရွာလို့…။ အခါလွန်မိုးတွေကတော့…။ မျှော်လင့်ချက်မဲ့ကောင်းကင်မှာ အထွန်အယက်မပျက်…။ စိုတစ်ဝက် ခြောက်တစ်ဝက် အနာဂတ်တွေနဲ့ အသက်ဆက်နေလေရဲ့…။ ရှူရှိုက်လိုက်တိုင်း လေပြေတွေထဲ မင်းရဲ့ ကိုယ်သင်းရနံ့တွေများ ပါလာလေမလား…။ မာနအချို့ကို ပြစ်စလက်ခတ် လျော့ဈေးတွေပေးပြီး…။ ရူးရူးမိုက်မိုက် မျှော်လင့်တတ်ခဲ့မိတဲ့နောက်…။ ငါလေ…။ အချိုတစ်ဝက် အခါးတစ်ဝက်နဲ့….။ ငါ့အိပ်မက်တွေ အဆိပ်တက်နေပုံများ…။ မင်းများမြင်ရင် ဟားတိုက်လေရော့မလား ဟန်နီ…။

တကယ်ဆို ငါဟာမှောင်မိုက်ခြင်းကမ္ဘာငယ်တစ်ခုမှာ ငါ့ယုံကြည်ချက်တွေအားကိုးနဲ့ အရာအားလုံးကို မေ့ပျောက်ထားခြင်ခဲ့တဲ့ သူတစ်ယောက်ပေါ့…။ တကယ်ဆိုမင်းဟာ…။ မစို့မပို့အလင်းတန်းအချို့နဲ့ ငါ့အထီးကျန်နေ့ရက် ရေခွက်ငယ်တစ်ခုကို ဂယက်ထစေခဲ့သူ…။ ငါ့နှလုံးသားကျောက်တောင်ကို တဖြေးဖြေးခြစားစေခဲ့သူ…။ အနည်ကျနေတဲ့ ခံစားချက်တွေကို သွေးရူးသွေးတမ်း ဆော့ကစားစေခဲ့သူ…။ ငါ့ဘ၀အတွက် မျှော်လင့်ခြင်းဆိုတာ အသက်သွင်း စေခဲ့သူ…။ သိပ်လှတဲ့ နတ်သမီးတစ်ပါးပေါ့ ဟန်နီ…။

လွင်ပြင်ရိုင်းတွေကို ဖြတ်သန်းတိုက်ခိုက်လိုက်တော့…။ ငါ့ဝိဥာဉ်တွေထဲဖြတ်သန်းသွားတဲ့ ခပ်ပါးပါး ရင်ခုန်သံချက်ဟာ မင်းများလား…။ ခပ်သဲ့သဲ့ကြားနေရတဲ့ ခေါ်သံတွေ…။ တကယ်ဆို…။ လိုက်လေဝေးလေ…။ အိပ်မက်ဆိုတာ အရည်မရှိ ဒြပ်မရှိဆိုတာ…။ ငါအစောကြီးကတည်းက သိနှင့်ခဲ့ဖို့ကောင်းတာပေါ့…။ မင်းမသိလို့ပါ…။ တစ်ကယ်တော့ ငါဟာ အချစ်ဆိုတဲ့ ကြိမ်စာတစ်ခုကို ကျေကျေနပ်နပ် မြိုချထားခဲ့တဲ့ မကောင်းဆိုးဝါး တစ္ဆေတစ် ကောင်ဆိုတာကိုပေါ့ ဟန်နီ…။

သက်တံ့တွေထဲ ဖြတ်သန်းလမ်းလျှောက်ဖို့ လက်မှတ်တစ်စောင်ကို ဘုရားသခင်က ငါ့အားပေးသနားတော်မူတုန်းက..။ ငါ့ကိုယ်ပိုင် သက်တံ့လေးတစ်ခုကို ငါကိုယ်တိုင် ဖက်တွယ်လို့ မာနလေးတစ်ခွဲသားနဲ့ ငြင်းပယ်ခဲ့ဖူး သူဟာ ငါပါ…။ နေမ၀င်နိုင်တဲ့ ညနေခင်း…။ မင်းဟာ ငါ့ဘ၀အတွက် ထာဝရအလင်းလို့ ယုံကြည်ခဲ့တုန်းက…။ ဒီရင်ခွင်ပေါ် ဖြတ်နင်း …။ ရင်ခုန်ခြင်း မပြုရဆိုတဲ့…။ စကားတစ်ခွန်း…။ ငါခပ်စွန်းစွန်းတောင် မကြားခဲ့လေတော့…။ ငါ့ထိုက်နဲ့ ငါ့ကံ…။ မင်းများ ဒီရင်ခွင်ကို ကန်သွားလေမလား…

လင်းတလဲ့ မှိန်တလဲ့ မင်းပေးခဲ့တဲ့ အိပ်မက်တွေထဲမှာ…။ ငါ့နှလုံးသွေးတွေ စီးမြော…။ ရင်ခုန်သံ ခပ်ပေါပေါတွေ ပေးချင်မှတော့…။ ငါ့ကိုငါ ချခင်း …။ ဒီလမ်းကို ငါဘယ်ခင်းပါ့မလဲ ဟန်နီ…။ နှလုံးသားက ကြိမ်စာတိုက်…။ တကယ်တော့ ငါဟာ ရူးမိုက်တတ်တဲ့ လူတစ်ယောက် မခဲ့သည့်တိုင်…။ တစ်ချက်တစ်ချက်တော့ ယိုင်ယိုင်သွား တာတော့ အမှန်ပါ…။ စစ်ကြေငြာသံတွေ တစ်ဖက်ကကြား..။ ငါ့ရန်သူဟာ ငါ့နုလုံးသားကို ခါးစေမတဲ့လား…။ မင်း မကြားလို့ပါ…။ ဒီနံရံတွေက တစ်နေ့စကားပြောတဲ့အခါ…။ မင်းငိုသံ ခပ်ပါးပါး…။ နှစ်လုံးသား စည်းခြားသံကို..။ အဝေးကနေတောင် ငါမကြား ချင်ဘူး ဟန်နီ…။

ငါဟာ ဒင်္ဂါးပြားတစ်ခုရဲ့ “ခေါင်း” တစ်ခုတဲ့လား…။ မင်းကို ပေးလိုက်တဲ့ဘက်က “ပန်း” …။ အနဲဆုံးတော့ မဲ့ပြုံးတစ် ချက်နဲ့ မင်းပျော်မှာပါ…။ “အချိန်တန်တော့လည်း ပိုင်ရှင်ကို ပြန်အပ်ရတာပါပဲ” ဆိုတာ မင်းအတွက် သဘောကျစရာ အပြုံးတစ်ခုကို ဖြစ်စေသတဲ့လား…။ တစ်လှမ်းခြင်းပဲ လှမ်းလှမ်း…။ တစ်ခြမ်းခြင်းပဲ လှမ်းလှမ်း..။ တကယ်တော့ ခြေလှမ်းဟာ အလှမ်းဝေးစေတယ်ဆိုတာ မင်းမသိရော့လေသတော့လား…။ မလိုပါဘူး..။ တကယ်ဆို သံယောဇဉ် ဆိုတာဟာ ရင်ခုန်သံခြင်း စကားပြောတဲ့ အသံကိုကြားစေတဲ့ ကြားခံဒဏ်ခံကြိုး အမျှင်လေးတစ်ခုပေါ့…။ ဟန်နီရယ်…။

P.S- အိပ်မက်ကနိုး… ရုတ်တရက်တိုးတိုးလေးအော်လိုက်တယ်…. ဟန်နီ…..

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (3 votes, average: 5.00 out of 5)
Loading ... Loading ...
Posted at 11pm on 07/15/10 | 5 comments | Filed Under: Essay, Personal
Tags: